မောင်သင်တုန်း
ပြန်ကြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အချိန်က ငွေအလွဲသုံးမှုများ ပြုလုပ်ခဲ့သည်ဟု သတင်းထွက်ပေါ်မှုများနှင့် ပတ်သက်ပြီး မိမိနှင့်မသက်ဆိုင်ကြောင်း သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက မဇ္ဈိမကို ပြောသည်။
“အစကတည်းက ရှင်းပြီးသား ကိစ္စမို့ ရှင်းစရာမလိုလို့ မရှင်းတာဖြစ်ပါတယ်။ ထပ်ရှင်းစရာ မလိုတော့ဘူး။ ဒါက လွန်ခဲ့တဲ့ ကျွန်တော် ဦးဆောင်ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်စဉ်ကတည်းက လက်အောက်က ကလေးသုံးယောက်ရဲ့ အလွဲသုံးစားမှုတွေ ဖြစ်ပါတယ်။ ဒါတွေလည်း စာရင်းစစ်က စစ်ဆေးဖော်ထုတ်ပြီးမှ စာရင်းစစ်တွေ ကိုယ်တိုင်လည်း စစ်ဆေးထွက်ဆိုခဲ့ပြီး ဖြစ်ပါတယ်”ဟု ၀န်ကြီး ဦးစိုးဝင်းက ပြောသည်။
ထို့ပြင် အဆိုပါငွေအလွဲသုံးမှုများတွင် ၎င်း၏ လက်ထက်၌သာမကဘဲ နောက်ထပ်ရောက်လာသည့် ဦးဆောင်ညွှန်ကြားရေးမှူး လက်ထက်အထိပေါ်ပေါက်ခဲ့သည့် အလွဲသုံးမှုများလည်း ပါဝင်သည်ဟု ပြောသည်။
“နှစ်ခုပေါင်းရင် အကြမ်းဖျင်းကတော့ ကျွန်တော်တို့ စပြီးစွဲဆိုတုန်းက ၂၈၈၆ သိန်း ဒီအနေအထားလေးရှိတာပေါ့။ အဲဒါကိုမှ ချဲ့ကားပြောတာလေးတွေတော့ ရှိတာပေါ့”ဟုလည်း ၎င်းက ဆိုသည်။
ငွေကြေးအရှုပ်အရှင်းကင်းတယ်လို့ ပြောနိုင်သလားဟု မေးမြန်းမှုကို “ဟာဩ ပြောလို့ရတာပေါ့၊ တကယ်လို့ ငွေရေးကြေးရေး အရှုပ်အရှင်းရှိတယ်ဆိုရင်ဒီ ၂၀၁၁ ခုနှစ်မှာ ပြန်ကြားရေးဒုတိယ၀န်ကြီးဖြစ်လာစရာ အကြောင်းမရှိဘူး။ ဘဏ္ဍာရေးဝန်ကြီးဌာနမှာလည်း နှစ်နှစ်လောက် တာဝန်ထမ်းဆောင်ခဲ့တယ်။ ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ခဲ့တယ်။ ဘာပဲလုပ်လုပ် တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ သစ္စာရှိပါတယ်”ဟု ဖြေခဲ့သည်။
No comments:
Post a Comment