Sunday, July 20, 2014

ခိုင်မာသည့် ဒီမိုကရေစီ ပေါ်ပေါက်မှသာ အာဇာနည်များကို အလေးပြုရာရောက်မည်ဟု ဒေါ်စုပြော

ခင်ငြိမ်းသစ်

နိုင်ငံလွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်သည့် နိုင်ငံအတွက် ဒီမိုကရေစီစနစ်သည်သာလျှင် အသင့်လျော်ဆုံးဖြစ်သည်ဟု ပြောကြားခဲ့ခြင်းကြောင့် အာဇာနည်များကို အလေးအမြတ်ပြုလျှင် ၎င်းတို့မျှော်လင့်ခဲ့သည့် ခိုင်မာသည့် ဒီမိုကရေစီစနစ်ဖြစ်ပေါ်လာအောင် ကြိုးစားရန် သံဓိဌာန်ချရမည်ဟု NLD ပါတီတွင် ကျင်းပပြုလုပ်သည့် အာဇာနည်နေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

NLD ပါတီအနေနှင့် အခက်ခဲဆုံးကာလများကတည်းက အာဇာနည်နေ့ကို မပျက်မကွက်ကျင်းပခဲ့ပြီး ထိုသို့ ကျင်းပရခြင်းမှာ အာဇာနည်နေ့၏ အဓိပ္ပါယ်ကို အများပြည်သူများ အမှတ်ရနေစေရန်ဖြစ်ကြောင်း ပြောကြား သည်။ အာဇာနည်နေ့နှင့်ပတ်သက်လျှင် နိုင်ငံရေးနှင့် လူမှုရေးအရစဉ်းစားရန် လိုသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံရေးအရ စဉ်းစားမယ်ဆိုလို့ရှိရင် အာဇာနည်နေ့က ဘာကိုပြလဲဆိုတော့ နိုင်ငံရေးပြဿနာများကို အကြမ်းဖက်တဲ့နည်းနဲ့ လက်နက်နဲ့ဖြေရှင်းချင်တဲ့ ပုဂ္ဂိုလ်များ အရင်ကလည်း ရှိခဲ့တယ်၊ အခုလည်းရှိနေတယ်၊ နောင်ဆိုလည်း ရှိဦးမှာပဲ။ ဒါပေမဲ့ ဒီလိုဖြေရှင်းတာဟာ ပြဿနာတွေကို ပြေလည်အောင် မဖြေရှင်းနိုင်ဘူးဆိုတဲ့ အကြောင်းကို သင်ခန်းစာယူဖို့ပဲဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့အပြင် ဒီမိုကရေစီကျင့်သုံးသည့် တိုင်းပြည်ဖြစ်ရန် ၁ဝစုနှစ် သုံးခုကြာအောင် ကြိုပမ်းခဲ့ခြင်းမှာ ပြည်သူလူထုအား တန်ဖိုးထားသည့်၊ လေးစားသည့် စနစ်တစ်ခုကို ခိုင်မာလာအောင် လုပ်လိုခြင်းကြောင့်ဟု ဆိုသည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က အာဇာနည်ကြီးများသည် မြန်မာနိုင်ငံတော်ကို ခိုင်မာသည့် ဒီမိုကရေစီစနစ်ဖြင့် တည်ထောင်လိုခဲ့ခြင်းဖြစ်သဖြင့် အာဇာနည်ကြီးများ၏ ကျေးဇူးကိုဆပ်လိုလျှင် စစ်မှန်သည့် ဒီမိုကရေစီစနစ်ဖြစ်ပေါ်လာအောင် ကြိုပမ်းခြင်းကသာ မှန်ကန်သည့် ကျေးဇူးဆပ်လိုစိတ်ဖြစ်သည်ဟု လည်းပြောကြားသည်။

အာဇာနည်နေ့အခန်းအနားကို မွန်းလွဲ ၁နာရီခွဲတွင် စတင်ကျင်းပခဲ့ပြီး သံတမန်များ၊ နိုင်ငံရေးအသိုင်းအဝိုင်းက တက်ကြွလှုပ်ရှားသူများနှင့် ပါတီဝင်များတက်ရောက်ခဲ့သည်။ NLD ပါတီ၏ နာယကဖြစ်သူ ဦးတင်ဦးကလည်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဦးတင်ဦးက “ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးမယ်လို့ပြောနေတဲ့ လူတွေထဲမှာ ဖက်ဆစ်ဝါဒပြန်လည် ရှင်သန်လာအောင် နှောက်ယှက်နေတဲ့ သူတွေလည်းရှိတယ်ဆိုတာကို သတိပြုမိမှာပါ။ အရင်ဖြစ်ရပ်တွေအပြင် အခုနောက်ဆုံးဖြစ်ရပ်မှာဆိုရင် မီဒီယာအင်အားစုတွေကို ကြောက်ရွံ့သွားအောင်ပြင်း ထန်တဲ့ အရေးယူမှုတွေကို လုပ်လာကြတယ်။ နောက်ထပ်လည်း ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေရှိတယ်။ ” ဟုပြောကြားခဲ့သည်။

ထို့အပြင် ၂ဝဝ၈ အခြေခံဥပဒေပြင်ဆင်ရေးအတွက် NLD ပါတီနှင့် ၈၈ ငြိမ်းပွင့်တို့ ပူးပေါင်းလှုပ်ရှားမှုများကို ရပ်တန့်စေရန်အတွက် ဆန့်ကျင်ဘက်လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြောင်းကိုလည်း ဦးတင်ဦးကပြောကြားသည်။

အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားသို့ သံရုံးများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ ပါတီများကလည်း သဝဏ်လွှာများပေး ပို့ခဲ့သည်။

No comments: