ABC
မြန်မာ အစိုးရက သိမ်းဆည်းထားတဲ့ လယ်မြေတွေအပေါ်မှာ စီမံကိန်း အကောင်အထည် ဖော်နေတာကို ကန့်ကွက်မှုလုပ်ခဲ့တဲ့ ထားဝယ် လယ်သမား ၁၉ ဦးကို ထားဝယ်မြို့နယ်တရားရုံးက ဇူလိုင်လ ၁၆ ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ လကျော်အထိ ချမှတ်လိုက်ပါတယ်။
မြို့ပြစီမံကိန်းအတွက် ရည်ရွယ်ပြီး သိမ်းဆည်း ထားတဲ့ မြေယာတွေ အပေါ်မှာ မြေကွက်ရိုက်၊ အုတ်တိုင်စိုက်နေတာကို ဇွန်လ ၁ ရက်နေ့တုန်းက တားဆီးမှု လုပ်ခဲ့တဲ့ လယ်သမား ၁၉ ဦးကို ပြစ်ဒဏ်တွေ ချမှတ် လိုက်တာ ဖြစ်ပါတယ်။
တာဝန် ထမ်းဆောင်နေတဲ့ ပြည်သူ့ ဝန်ထမ်းတွေကို ဝတ္တရားနှောက်ယှက်မှု၊ ပြည်သူ့ ဝန်ထမ်းတွေကို နာကျင်စေမှု၊ ဆဲဆိုမှု စတဲ့ ပြစ်မှုတွေနဲ့ အလုပ် ကြမ်းနဲ့ ထောင်ဒဏ်တွေ၊ ငွေဒဏ်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
တချို့ လယ်သမားတွေ ကတော့ ထောင်ဒဏ် ၃ လ ကျခံရပြီး အမျိုးသမီး လယ်သမား ၅ ဦးကိုတော့ ဝတ္တရား နှောင့်ယှက်မှုနဲ့ ဒဏ်ငွေ ကျပ်တစ်သောင်းစီ ပေးဆောင်ဖို့ အမိန့်ချမှတ် ခဲ့ပါတယ်။ လယ်သမားတွေက သူတို့ရဲ့ ပိုင်ဆိုင် မှုတွေကို ကာကွယ်ရင်းနဲ့ အစိုးရရဲ့အကျိုးကို ဟန့်တားသလို ဖြစ်သွားတာဖြစ်တယ်လို့ လယ်သမားတွေရဲ့ ရှေ့နေဖြစ်သူ ဦးအောင်စိန်က ပြောပါတယ်။
ဒါ့အပြင် အခင်းဖြစ် ပွားခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ဟာ တနင်္ဂနွေနေ့ ဖြစ်တဲ့အတွက် ဝန်ထမ်းတာဝန်ချိန် မဟုတ်တဲ့အပြင် ဝန်ထမ်းတွေကို တရားဝင်စာနဲ့ ခိုင်းစေတာတွေ မရှိတဲ့အတွက် ပြည်သူ့ဝန်ထမ်းတွေကို နှောင့်ယှက်တဲ့ အမှုနဲ့ စွပ်စွဲတာ မသင့်တော်ဘူးလို့လည်း ပြောပါတယ်။
ဆန္ဒပြတားဆီးမှုတွေ လုပ်ရာမှာလည်း မိန်းမတွေကသာ ဦးဆောင်ပြီး အော်ဟစ်ပြောဆိုတာတွေ လုပ်ခဲ့ပေမယ့် ယောင်္ကျားတွေကိုသာ ထောင်ဒဏ်ချမှတ်တာဟာ မတရားဘူးလို့လည်း ငွေဒဏ် အပြစ်ပေးခံရသူ ဒေါ်ရွှေဇင်ယုက ပြောခဲ့တယ်လို့လည်း ရွှေမြိတ်သားလေး ဇော်ဇော်က သတင်းပေးပို့ခဲ့ပါတယ်။
%2520Aung%2520Thu%2520%2520(2).jpg)
No comments:
Post a Comment