Friday, July 25, 2014

မြန်မာကုမ္ပဏီများ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ လူ့အခွင့်အရေးစံနှုန်းများတွင် အားနည်းချက်ရှိနေ

သီဟကိုကို

ပွင့်သစ်စစီမံချက်အစီရင်ခံစာအရ မြန်မာကုမ္ပဏီအချို့သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် လူ့အခွင့်အရေး စံနှုန်းများတွင် အားနည်းချက်များရှိနေဆဲ ဖြစ်သည်။

ထို့အတူ လူ့အခွင့်အရေး၊ ကျန်းမာရေး၊ လုံခြုံစိတ်ချရမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့တွင် အားအနည်းဆုံး ဖြစ်နေသည်ဟု မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန၏ ပွင့်သစ်စ စီမံချက်အစီရင်ခံစာတွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ လုပ်ငန်းပမာဏ ကြီးမားသည့် ကုမ္ပဏီအုပ်စု ၆၀ ကို စစ်တမ်းကောက်ယူကာ အမှတ်ပေးခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီအုပ်စု ၃၃ ခုသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းနှင့် ပွင့်လင်းမြင်သာမှုအပိုင်းတို့တွင်သာ အမှတ်များ ရရှိခဲ့ကြသည်။

ကျန်ရှိသည့် ကုမ္ပဏီအုပ်စု ၂၇ ခုသည် လူ့အခွင့်အရေး၊ ကျန်းမာရေး၊ လုံခြုံစိတ်ချရမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းနှင့် ပွင့်လင်းမြင်သာမှု အပိုင်းအားလုံးအတွက် အမှတ်လုံးဝ မရရှိခဲ့ခြင်း မရှိပေ။

လုပ်ငန်းအမျိုးအစားကြီးမားသည့် ကုမ္ပဏီအုပ်စု ၆၀ ၏ တရားဝင်ဝက်ဘ်ဆိုက်များကို အခြေခံကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ပွင့်လင်းမြင်သာမှုနှင့် လူ့အခွင့်အရေး၊ ကျန်းမာရေး၊ လုံခြုံစိတ်ချရမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍ သုံးပိုင်းခွဲခြားကာ ကုမ္ပဏီများကို အမှတ်ပေးခဲ့ခြင်းဖြစ်သည်။

လေ့လာမှုအရ မြန်မာကုမ္ပဏီများ၏ ၄၅ ရာခိုင်နှုန်းကျော်သည် အမှတ်သုညရရှိသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရပြီး အမှတ်အမြင့်ဆုံး ရရှိသည့်ကုမ္ပဏီများ၏ ရမှတ်များသည်လည်း အမြင့်ဆုံးညွှန်းကိန်း ၁၀ ကို ရရှိခဲ့ခြင်း မရှိဘဲ ညွှန်ကိန်း ၆ ဒသမ ၆ ကျော်အောင်ပင် မရရှိခဲ့ကြပေ။

ဧဒင်၊ ပတ္တမြားနဂါး၊ ရွှေသံလွင်၊ ယုဇန၊ ဇေကမ္ဘာကုမ္ပဏီအုပ်စုများ အပါအ၀င် စစ်တပ်ပိုင်လုပ်ငန်းစုဖြစ်သည့် ဦးပိုင်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့သည် ကုမ္ပဏီဝက်ဆိုက်ပင် မရှိသေးဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန၏ ဒါရိုက်တာ ဗစ်ကီဘိုးမန်းက “ကုမ္ပဏီအားလုံးကို အခုလို အစီရင်ခံစာထုတ်ဖို့အတွက် စာနှစ်ကြိမ်ဆီ ပို့ခဲ့တယ်။ ဦးပိုင်နဲ့ MEC တို့ကတော့ ပေးပို့တဲ့ စာကိုတောင် လက်ခံယူထားခြင်း မရှိဘူး။ ပြည်သူတွေဘက်က နစ်နာတာတွေကို စာပေးပို့ တိုင်တန်းတာတွေ ရောက်ရှိဖို့ မလွယ်ဘူး”ဟု ပြောသည်။

ကမ္ဘောဇက (၆ ဒသမ ၆၃မှတ်)၊ မက်စ် မြန်မာက (၅ ဒသမ ၈မှတ်)၊ ရွှေတောင်က (၅ ဒသမ ၅၈မှတ်)၊ စီးတီးမတ်က (၄ ဒသမ ၇၅မှတ်)၊ Serge Pun and Associates Group က (၃ ဒသမ ၂၄မှတ်) တို့ရရှိကာ ကဏ္ဍသုံးခုအတွက် ရမှတ် အများဆုံးရရှိသည့် ထိပ်ဆုံးကုမ္ပဏီ ၁၀ ခုတွင် ပါဝင်ခဲ့သည်။

လာမည့်နှစ်တွင်လည်း အစီရင်ခံစာထုတ်ပြန်သွားမည်ဖြစ်ပြီး စံနှုန်းများတိုးတက်လာရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပသွားမည်ဖြစ်သည်။

No comments: