နန်းမြင့်
ဖိလစ်ပိုင်နိုင်ငံတွင် တိုက်ခတ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းသည် ဇူလိုင် ၁၉ ရက်တွင် တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းကို ဖြတ်သန်းပြီးနောက် ဇူလိုင် ၂၀ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း၌ အားကောင်းသော မုန်တိုင်းငယ်အဖြစ် ၀င်ရောက်မည်ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က မဇ္ဈိမကို ပြောသည်။
တိုင်ဖွန်မုန်တိုင်းသည် ဇူလိုင် ၁၉ ရက်နံနက်ပိုင်းတွင် အလွန်အားကောင်းပြီး တစ်နာရီ မိုင် ၁၄၀ ခန့် တိုက်သည့် အဆင့်ဖြင့် တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းကို ဦးတည်လာမည်ဖြစ်ကာ ဇူလိုင် ၂၀ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ် အနီး ရောက်ရှိမည်ဖြစ်သည်ဟု ဒေါက်တာထွန်းလွင်က ပြောသည်။ ဒေါက်တာထွန်းလွင်က “ရိုးရိုးတိမ်တိုက် အဆင့်လေးနဲ့ မဟုတ်ဘူး။ မုန်တိုင်းငယ်အဆင့်နဲ့ ရောက်လာမယ်လို့ ခန့်မှန်းထားတယ်။ ခန့်မှန်းထားတဲ့အတိုင်း မှန်ခဲ့ရင် အားရှိတဲ့အဆင့်နဲ့ဝင်မယ်။ ၀င်ရင် မိုးရွာမယ်။ အဲဒီမိုးတွေက ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်မှာ ရွာမယ်။ ဖြစ်နိုင်ရင် မြန်မာနိုင်ငံအလယ်ပိုင်း ပါသွားနိုင်တယ်”ဟု ပြောသည်။ အဆိုပါ မုန်တိုင်းဖြတ်သန်းခြင်းကြောင့် ဧရာဝတီမြစ်ဖျား၊ ချင်းတွင်းမြစ်ဖျားပိုင်းတွင် မိုးများလာနိုင်ပြီး မြစ်ဝကျွန်းပေါ်ဒေသများတွင် လာမည့် တစ်ပတ်အတွင်း လက်ရှိဖြစ်ပေါ်နေသော ရေကြီးမှုထက် ပိုများလာနိုင်မည် ဖြစ်သည်။ မြစ်ရေကြီးမှုနှင့် ရင်ဆိုင်နေရသော ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ သနပ်ပင်ကျေးရွာမှ လယ်ဧက ၂၀ စိုက်ပျိုးထားသူ ဦးညွန့်ရွှေက “စစ်တောင်းမြစ်ကမ်း ပြိုလာတော့ အခုကမ်းနဖူးနဲ့ နီးလာပြီ။ ဒီရက်ပိုင်း မိုးရွာတာများတယ်။ မြစ်ရေကတော်တော် လျှံတက်တာ။ ရေပေါက်တွေ မရှိတော့ အပင်တွေ သေမယ့်အထိ စိုးရိမ်နေရတယ်”ဟု ပြောသည်။
ရေကြီးမှုနှင့် ပတ်သက်ပြီး ဒေါက်တာထွန်းလွင်က “လက်ရှိဖြစ်နေတာက ဇူလိုင်လအလယ်ထိ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ရေကြီးမှုက မုန်တိုင်းရဲ့ အကျိုးသက်ရောက်မှု ဘာမှမပါသေးဘူး။ ဘင်္ဂလား ပင်လယ်အော်မှာလဲ မုန်တိုင်းမဖြစ်ဘူး။ အရှေ့ဘက် တောင်တရုတ်ပင်လယ်မှာလည်း မုန်တိုင်းမလာဘူး။ သူ့ဟာသူ မုတ်သုံမိုးသက်သက်ဖြစ်နေတာ”ဟု ပြောသည်။ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ဇူလိုင်လ တတိယ ၁၀ ရက်ပတ် မြစ်ရေကြီးမှု အခြေအနေ ခန့်မှန်းချက်အရ ဧရာဝတီမြစ်ရေနှင့် စစ်တောင်းမြစ်ရေတို့သည် အချို့မြို့နယ်များတွင် လက်ရှိရေမှတ်များထက် မြင့်တက်လာနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။ နေပြည်တော် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ကျ ခန့်မှန်းရေးမှူး တစ်ဦးက “ကမ်းရိုးတန်းဒေသတွေမှာ မိုးရွာသွန်းမယ် အခြေအနေရှိတတ်ပါတယ်”ဟု ပြောသည်။
No comments:
Post a Comment