Wednesday, July 23, 2014

သီလဝါအထူးစီးပွားရေးဇုန်အတွက် ထပ်မံသိမ်းမည့်လယ်အတွက် ကာကပေါက်ဈေးမလျော်ပါက ဂျပန်နိုင်ငံအထိ သွားရောက်ကန့်ကွက်မည်ဟုဆို

ခင်မြတ်မြတ်ဝေ

သီလဝါအထူးစီးပွားရေးဇုန်အတွက် သိမ်းဆည်းရန် ကျန်ရှိနေသေးသည့် လယ်မြေ ဟက်တာ ၂ဝဝဝအတွက် လယ်သမားများကို ကာလပေါက်ဈေးအတိုင်း ပေးလျော်ခြင်းမရှိဘဲ သိမ်းဆည်းပါက မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှပ်နှံမှု မပြုရန် ဂျပန်နိုင်ငံအထိ သွားရောက် ကန့်ကွက်သွားမည်ဟု သီလဝါဒေသ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှ ဦးအေးဌေးက ဇူလိုင်လ ၂၁ရက်က ရန်ကုန်မြို့ မြန်မာမီဒီယာ စာကြည့်တိုက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

"ကျန်တဲ့ ဟက်တာ၂ထောင်ကို ၂ဝ၁၅ကျော်ရင် သိမ်းမယ်လို့ ဟက်တာ၎ဝဝဖွင့်ပွဲတုန်းက သီလဝါစက်မှုဇုန် ဥက္ကဋ္ဌ ဦးသက်အောင်က ပြောတယ်"ဟု ဦးအေးဌေးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်း ဝန်ကြီး ဦးစိုးမင်းက ဇွန်လ၃ဝရက်က သန်လျင်အိုးအိမ်ရုံးတွင် လယ်သမားများအား "မြေယာလျော်ကြေးနဲ့ မပေးဘူး။ သီးနှံလျော်ကြေးပဲ ပေးမယ်။ ကျွန်တော်တို့မြေက ၁၉၉၆ -၉၇ တည်းက သိမ်းထားတဲ့အတွက်လို့ပြောတယ်"ဟု ယင်းက ပြောသည်။

ဟက်တာ ၂ဝဝဝတွင် နေထိုင်သောဒေသခံများက မိမိတို့ပိုင်သော လယ်မြေများကို လယ်ယာမြေဥပဒေ အပြင် ဂျပန်နိုင်ငံတကာကော်ပိုရေးရှင်း အေဂျင်စီ (JICA)မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် မညီပါက ဂျပန်ဝန်ကြီးချုပ်အထိ သွားရောက်ကန့်ကွက်သွားမည်ဟု ဆိုသည်။

ဟက်တာ ၂ထောင်ထဲတွင် အလွမ်းဆွတ်ရွာ၊ မြိုင်သာယာရွာ၊ သီလဝါရွာ၊ သီတာမြိုင်ရွာ၊ ကရက်ရွာ၊ ဖလမ်းရွာ၊ ဘေးဘောက်ရွာတို့ ပါဝင်သည်။

ဇွန်လ ၂ရက်ကလည်း သီလဝါဒေသခံကိုယ်စားလှယ်သုံးဦးမှ စီမံကိန်းပထမပိုင်းအတွက် ဟက်တာ၎ဝဝကို သိမ်းယူပြီးနောက် ဒေသခံများပေါ်ပေါက်လာသည့် ထိခိုက်နစ်နာမှုများနှင့် ထပ်မံတိုးချဲ့လာမည့် ဟက်တာ၂ဝဝဝတွင် ဖြစ်လာနိုင်ခြေရှိသော ထိခိုက်နစ်နာမှုများကို ဖေါ်ပြထားသည့် ကန့်ကွက်တိုင်ကြားမှုများကို တိုကျိုမြို့ရှိ JICA ရုံးတွင် သွားရောက် တိုင်ကြားခဲ့သေးသည်။

No comments: