Tuesday, July 15, 2014

ညမထွက်ရအမိန့် ရက်ကြာမည်ကို စီးပွားရေးလုပ်ငန်းများ စိုးရိမ်

မျိုးသန့်

မန္တလေးမြို့တွင် ညမထွက်ရ အမိန့်ထုတ်ပြန်ထားသဖြင့် ညပိုင်းနှင့် မနက်ပိုင်း အားထားလုပ်ရသည့် စီးပွားရေးလုပ်ငန်းများက ညမထွက်ရအမိန့် ရက်ကြာရှည်မည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

“မန္တလေးမှာ ညပိုင်းဈေးစီးပွားရှာ ဈေးရောင်းတဲ့သူတွေအမျိုးမျိုးရှိတယ်။အထည်အလိပ်ကစပြီး ပစ္စည်းစုံ ရောင်းတဲ့သူတွေနဲ့ ၂၉လမ်းရယ်တာရိုးဘေးရယ်မှာ ရှိတဲ့ အသီးအနှံကုန်စိမ်းဈေးသည်တွေပေါ့။ညမထွက် ရအမိန့်ထုတ်ပြန်ပြီး၊ ဇူလိုင် ၈ ရက်လောက်က မီဒီယာတချို့မှာ ဖော်ပြထားသလို ပြောရလောက်အောင် ထိခိုက်မှုမရှိနိုင်ပေမယ့် ရက်ရှည်လာမှာတော့ စိုးရိမ်တယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။

လက်ရှိဈေးရောင်းချမှုပြုလုပ်ရာတွင် စစ်ကိုင်းမှ မန္တလေးသို့ ကုန်စိမ်းဈေး၌ ရောင်းချရန် ည၁၂နာရီ ထွက်ခွာ လာရမည့်အစား ယခုအခါ နေ့လယ်၁၂နာရီသို့ ပြောင်းလဲကာ ရောင်းချနေကြရသည်ဟု ဆိုသည်။

သိသာသောထိခိုက်မှုမျိုး မရှိသေးသော်လည်း ရောင်းအားကျဆင်းနေသည်ဟု စစ်ကိုင်းမှ ကုန်းစိမ်းသယ်ပို့ ရောင်းချနေသည့် ဒေါ်သန်းငွေက ပြောသည်။

“ညသန်းခေါင် ၂ နာရီလောက်ဆိုရင် စစ်ကိုင်း၊ ပုသိမ်ကြီးတို့ဘက်က အသီးအနှံတွေကို မန္တလေးကိုင်းတန်း ဈေး လာရောင်းကြတာ။ မြို့ထဲလည်ပြီးရောင်းမယ့် ခေါင်းရွက်ဈေးသည်တွေနဲ့ ဈေးထဲမှာ ထိုင်ရောင်းမယ့် သူတွေက မနက် ၄ နာရီလောက်မှာ ၀ယ်ပြီးပြန်ရောင်းတယ်။ နေ့စဉ်ဝင်ငွေရှိမှ စားဝတ်နေရေးအဆင်ပြေတာ။ ညမထွက်ရတဲ့ ရက်တွေကြာလာရင်တော့ မဖြစ်ဘူး”ဟု ကိုင်းတန်းဈေးမှ ဈေးသည်တစ်ဦးက ပြော သည်။

ပန်းကုန်သည်များသည် ၂၆ လမ်း၊ ကမ်းနားလမ်းရှိ ပန်းဈေးသို့ လာရောင်းသကဲ့သို့ ပြင်ဦးလွင်ဘက်မှ ဆိုင် ကယ်များဖြင့်လည်း ဆင်းလာ၍ ရောင်းချရာတွင် ယင်းအမိန့်ကြောင့် ညနေပိုင်းမှာလာရောက် ရောင်းချ နေရကြောင်း ပန်းကုန်သည်တစ်ဦးက ဆိုသည်။

“မန္တလေးက ထုံးဘို-ကျောက်မီးနဲ့ဆို ရင် ၁၂မိုင်လောက်ဝေးတော့ ပန်းတွေ ကြာရှည်ခံလန်းဆန်းအောင် အရင်က ညပိုင်း ၉ နာရီလောက်၊ တချို့ည၁၂နာရီလောက် မှာ မန္တလေးပန်းဒိုင်ကို လာသွင်းတယ်။ အခု ချိန်မှာ ညမထွက်ရအမိန့်ကြောင့် ညနေ ၅နာရီလောက်ဆိုရင် ထွက်လာပြီ”ဟု ကျောက်မီးမှ ပန်းကုန်သည် ကိုဝင်းက ပြောသည်။

မတ္တရာဘက်မှ ၀င်ရောက်လာသော ကုန်တင်ပို့ယာဉ်များမှာ နံနက်ခင်းပိုင်း မန္တလေးဘက်သို့ ၀င်ရောက်မှု ပြုလုပ်ရာတွင် အခက်အခဲများကြုံတွေ့နေရသည်။

ထို့ကြောင့် ညမထွက်ရအမိန့်ရက် ရှည်ခြင်းသည့် လက်ရှိအချိန်တွင် ကာလအားဖြင့် ၁၀ ရက်ကျော်ကာလ သာရှိသဖြင့် မသိသာသေးသော်လည်း ယခုထက်ပိုရက်ရှိပါ က ထိခိုက်မှုများမြင့်တက်လာမည်ဟု သုံးသပ်ပြောဆိုသည်။

No comments: