Sunday, August 3, 2014

သုံးနှစ်ကျော် ကာလအတွင်း ရထားသည့် အခြေအနေများသည် အကောင်းဆုံး မရောက်သေးဟု သမ္မတပြော

တင်ဇာအောင်

သမ္မတ ဦးသိန်းစိန်က ၎င်းတို့ အစိုးရ တက်လာပြီး သုံးနှစ်ကျော် ကာလအတွင်း လက်ရှိ ရရှိထားသည့် အခြေအနေများသည် ဒီမိုကရေစီစံနှုန်းများနှင့် တိုင်းတာပါက အကောင်းဆုံး အခြေအနေကို မရောက်ရှိသေးဟု ပြောကြားလိုက်သည်။

သမ္မတ ဦးသိန်းစိန်က သြဂုတ် ၁ ရက်တွင် ရေဒီယိုမှ တဆင့် ပြည်သူများသို့ ပြောကြားသည့် မိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်း ပြောကြားလိုက်ခြင်းဖြစ်ပြီး လက်ရှိတွင် အကောင်းဆုံး အခြေအနေကို မရောက်သေးသော်လည်း လက်ဝယ် ရရှိထားသည့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် လမ်းစများ၊ အခွင့်အလမ်းများ ဆုံးရှုံး မသွားစေရန် ဝိုင်းဝန်းကြိုးပမ်းရမည့် ကာလ ဖြစ်သည်ဟုလည်း ပြောလိုက်သည်။

ယင်းအပြင် နိုင်ငံတော် သမ္မတက ဝေဖန်ထောက်ပြ ပြောဆို ရေးသားမှုများအားလုံးသည်လည်း ပြုပြင်ပြောင်းလဲရေး အတွက် လိုအပ်သည့် သွင်းအားစု အဖြစ် ရှုမြင်သည်ဟုလည်း ပြောဆိုလိုက်ပြီး “ဝေဖန် ထောက်ပြ ပြောဆို ရေးသားမှု အားလုံးကို ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် အတွက် လိုအပ်တဲ့ သွင်းအားစုများ အဖြစ် ရှုမြင်ပြီး လက်တွေ့ကျတဲ့ အဖြေများ ရရှိဖို့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်နိုင်မယ့် အတိုင်းအတာ အတွင်းကနေ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်နေသည်" ဟုလည်း ဆိုလိုက်သည်။

ယင်းအပြင်၎င်းတို့ အစိုးရ အနေဖြင့် ကြုံတွေ့ နေရသည့် နိုင်ငံရေး အကြပ်အတည်း အားလုံးကို ပြည်သူလူထု၏ လိုလားချက်များအပေါ် ရှေးရူသည့် အဖြေရှာမှုမျိုးနှင့်သာ ချဉ်းကပ်ပြီး မှန်ကန်သည့် စေတနာဖြင့် ဆောင်ရွက်ခဲ့သည်ဟုလည်း ဆိုသည်။

လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်သည့် အခါတွင်လည်း တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်း တစ်ခုတည်း၏ အားဖြင့် ဆောင်ရွက်ရနိုင်မည် မဟုတ်ဘဲ အဖွဲ့အစည်း တစ်ခုလုံး တူညီသော ရပ်တည်ချက်ထားပြီး ဝိုင်းဝန်းဆောင်ရွက်ရန် လိုသည်ဟုလည်း သမ္မတက ဆိုသည်။

သမ္မတ ဦးသိန်းစိန် အစိုးရ သက်တမ်း သုံးနှစ်ကျော် ကာလအတွင်း အကောင်းဆုံး အခြေအနေကို မရောက်သည် ဆိုခြင်းထက် ကောင်းမွန်သည့် အခြေအနေကိုပင် ရောက်ရှိခြင်း မရှိသေးဟုလည်း နိုင်ငံရေး ဆောင်းပါးများ ရေးသားသူ ဦးထင်လင်းဦး (Wisdom Villa) က ပြောကြားလိုက်သည်။

၎င်းက “ကျွန်တော်တို့ နိုင်ငံရဲ့ ပြောင်းလဲမှု ဖြစ်စဉ်တွေမှာ အကောင်းဆုံးလို့ ဘာကို သတ်မှတ်ကြလဲ။ အမှန်တကယ်ဆိုရင် သမ္မတကြီး ပြောတဲ့ နေရာမှာ အကောင်းဆုံးဆိုတဲ့ စကားလုံး အစား ကောင်းမွန်တဲ့ အခြေအနေကို မရောက်သေးပါဘူးလို့ ကျွန်တော်တို့က သုံးစေချင်တယ်။ ကျွန်တော်တို့ လိုချင်နေတာ အကောင်းဆုံးကို မဟုတ်ပါဘူး။ အရင်ထက်ပိုပြီး ကောင်းမွန်တဲ့ အခြေအနေကို လိုချင်တာပေါ့။ ကျွန်တော်တို့က အရင်ထက် ပိုကောင်းတဲ့ အခြေအနေကို လိုချင်ပါတယ်။ ဒါပေမယ့် ဘာမှ ဖြစ်မလာဘူးလို့ ကျွန်တော်တို့ ခံစားနေရပါတယ်" ဟုဆိုသည်။

သမ္မတ ဦးသိန်းစိန် အစိုးရ သက်တမ်း အတွင်း ပြုပြင် ပြောင်းလဲမှုများသည် စကားလုံးများသာ များနေပြီး လက်တွေ့တွင် ထိထိရောက်ရောက် ပြောင်းလဲခြင်း မရှိဟု ဝေဖန်လိုက်ကာ တရားစီရင်ရေး မဏ္ဍိုင်သည် ယိမ်းယိုင်ကာ တရားဥပဒေ စိုးမိုးရေး မရှိဟုလည်း ဝေဖန်လိုက်သည်။

“တရားစီရင်ရေး မဏ္ဍိုင် ယိမ်းယိုင် ပြိုလဲနေတယ်ဆိုတာက နိုင်ငံသူ နိုင်ငံသားတွေ အတွက် လုံခြုံ စိတ်ချရတဲ့ တရားဥပဒေ စိုးမိုးမှုကို မခံစားရဘူးလို့ ပြောချင်တာပါ" ဟုလည်း ၎င်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးဥာဏ်ဝင်းကလည်း အစိုးရ၏ သုံးနှစ်ကျော် ကာလအတွင်း လုပ်ဆောင်ချက်များတွင် တရားဥပဒေ စိုးမိုးရေးကို ပီပြင်စွာ အကောင်အထည် မဖော်နိုင်ခြင်းသည်လည်း အားနည်းသည့် အချက်ဖြစ်နေသည်ဟု ဆိုလိုက်သည်။

၎င်းက “လိုချင်တဲ့ အဆင့်ကို မရသေးဘူးလို့ပဲ ပြောချင်ပါတယ်။ ပြောင်းလဲမှု မရှိဘူးလို့ မပြောပါဘူး။ ရှိပါတယ်။ လိုချင်တဲ့ အပြောင်းအလဲ မရှိသေးဘူး" ဟု ဆိုလိုက်သည်။

၂ဝ၁၁ ခုနှစ် ဧပြီ ၁ ရက်က စတင် တာဝန်ယူခဲ့သည့် သမ္မတ ဦးသိန်းစိန် အစိုးရသက်တမ်းတွင် ပြုပြင်ပြောင်းလဲမှုများကို အဆင့်ဆင့် လုပ်ဆောင်ခဲ့ပြီး ပထမလှိုင်းအဖြစ် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုကို ဦးစားပေး လုပ်ဆောင်ခဲ့ကာ စီးပွားရေးကဏ္ဍ၊ လူမှုရေး ကဏ္ဍများကို ပြောင်းလဲ လုပ်ကိုင်ခဲ့သည်။

ဒုတိယလှိုင်းတွင် စီးပွားရေးကို ဦးစားပေးလုပ်ကိုင်ခဲ့ကာ နိုင်ငံရေးနှင့် လူမှုရေး ပြုပြင် ပြောင်းလဲမှုများ လုပ်ကိုင်ခဲ့ကာ လက်ရှိ ဆောင်ရွက်နေသော တတိယလှိုင်းတွင် ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် လုပ်ဆောင်ခဲ့သည်များကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အစိုးရသက်တမ်း ပြီးဆုံးချိန်အထိ လုပ်ကိုင်သွားမည် ဖြစ်သည်။

No comments: