Tuesday, August 5, 2014

နှစ်ပတ်အတွင်း အပစ်အခတ်ရပ်စဲရေး နောက်ဆုံးမူကြမ်း ထွက်ပေါ်လာဖွယ်ရှိ

မင်းမင်း

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နှင့် တိုင်းရင်းသားတို့၏ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့ အကြားသဘောကွဲနေသည့် အပစ်ရပ် နောက်ဆုံးမူကြမ်းကို ယခုလ၀က်အတွင်း အဆုံးသတ်နိုင်ဖွယ်ရှိသည်ဟု အစိုးရကိုယ်စားလှယ် ဦးလှမောင်ရွှေက သုံးသပ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် ဒုတိယမူကြမ်းကို ရန်ကုန်မြို့ရှိ မြန်မာ့ငြိမ်းချမ်းရေးစင်တာ MPC တွင် ဆွေးနွေးမည်ဖြစ်ပြီး အဆုံးသတ်နိုင်သည့် မူကြမ်းတစ်ခု ဖြစ်လာဖွယ်ရှိသည်ဟု MPC အကြီးတန်းအရာရှိက ပြောလိုက်ခြင်းဖြစ်သည်။

တိုင်းရင်းသား ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးအပြီး သြဂုတ် ၃ ရက်က မြစ်ကြီးနားရှိ အစိုးရအဖွဲ့ ရုံးတွင် အလွတ်သဘော တွေ့ဆုံမှုအပေါ် ကိုးကား၍ ဦးလှမောင်ရွှေက မဇ္ဈိမကို ပြောခြင်းဖြစ်သည်။

“နှစ်ဖက်စလုံးက အပစ်ရပ်စာချုပ်အမြန်ဆုံးချုပ်ဆိုနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်တဲ့အတွက် နှစ်ဖက်စလုံးက ကောင်းမွန်တဲ့ ချဉ်းကပ်မှုတွေကို ကျွန်တော်တို့ တွေ့ရတယ်။ ဒါကြောင့်မို့လို့ ရှေ့လာမယ့် ဆွေးနွေးပွဲဟာ နောက်ဆုံးဖြစ်ရင်ဖြစ်၊ မဖြစ်ဘူးဆိုရင်တောင် Second Text ဖြစ်မယ့် သဘော ရှိတယ်”ဟု ၎င်းက ပြောသည်။

ထိုတွေ့ဆုံပွဲတွင် NCCT မှ ၁၁ ဦးနှင့် UPWC မှ ခြောက်ဦး၊ MPC မှ လေးဦးတို့ ဆွေးနွေးခဲ့ကြသည်။

“အစိုးရဘက်ကလည်း သဘောထားတွေ ပြောပြပြီး တို့ဘက်ကလည်း တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်တွေကို ပြောပြပြီး အခြေအနေမှန်ကို သိအောင်လုပ်တာပါ”ဟု NCCT ခေါင်းဆောင် နိုင်ဟံသာက တွေ့ဆုံပွဲအပြီး မီဒီယာများကို ပြောသည်။

အပစ်ရပ်မူကြမ်းအတွက် မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ဆွေးနွေးရန် အစိုးရဘက်က ယခုလ ၁၅ ရက်တွင် အဆိုပြုထားသော်လည်း တိုင်းရင်းသားများက ၁၇ ရက်တွင် ကျင်းပလိုသဖြင့် ဆက်လက်ညှိ နှိုင်းရဦးမည်ဖြစ်သည်။

သို့သော် “ဒီနေ့ဆွေးနွေးတာကို ကြည့်ရရင်တော့ ၉၅ ရာခိုင်နှုန်းလောက်ထိတော့ အဆင်ပြေချောမွေ့တာ တွေ့ရတယ်”ဟု ဦးလှမောင်ရွှေက ဆိုသည်။

ဇူလိုင် နောက်ဆုံးပတ်က လိုင်ဇာတွင် ပြုလုပ်သည့် တိုင်းရင်းသားခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် “ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတို့ကို အာမခံသော ဖက်ဒရယ်ပြည်ထောင်စု”တည်ဆောက်ရေးမူကို တစ်စိုက်မတ်မတ်ကိုင်စွဲသွားရန် ကြေညာချက်ထုတ်ခဲ့သည်။

NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းက သဘောတူစာချုပ်ကို နှစ်လအတွင်း လက်မှတ်ထိုးနိုင်သည်ဟု ယင်းအချိန်တွင် သုံးသပ်ပြောဆိုထားသည်။

No comments: