Sunday, August 24, 2014

ဆက်သွယ်ရေး ဝန်ဆောင်မှု မရသေးသည့် အော်ရီဒူး ဆင်းကဒ်များ ကျပ် (၄၀၀၀) ဖြင့် မော်လမြိုင်၌ ရောင်းချနေ

ရွှေဟင်္သာ

အော်ရီဒူး၏ တရားဝင် ဆက်သွယ်ရေး ဝန်ဆောင်မှုများ မဖြန့်ဖြူး နိုင်သေးသည့် မွန်ပြည်နယ်၍ အော်ရီဒူး ဆင်းကဒ် တစ်ခုအား တစ်ကဒ်လျှင် (၄၀၀၀) ကျပ်နှင့် အမျိုးသား တဦး သြဂုတ်လ ၁၃ ရက်နေ့၌ မြိုင်ရတနာ လေးထပ်ဈေး၌ ရောင်းချ နေကြောင်း မျက်မြင်သက်သေ တဦးက ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ခဲ့သည်။

“ဈေးကြီး ထဲမှာပဲ အော်ပြီး လိုက်ရောင်း နေတယ်၊ တဒ်ကဒ်ကို (၄၀၀၀) တဲ့၊ ကျနော် ကတော့ မဝယ်ခဲ့ပါဘူး၊ နံပါတ် မကြိုက်လို့၊ ဒီလတော့ နံပါတ် လှလှတွေ သိပ်မရှိဘူး၊ ရှိတော့လည်း ရှားတယ်၊ နောက်လ လောက်မှ နံပါတ်လှလှ ရမှ ဝယ်ဖို့ စဉ်းစားထားတယ်” ဟု အမည် မဖော်လိုသည့် မျက်မြင် သက်သေက ဆိုပါသည်။

ဓါတ်ပုံ၌ မြင်ရသည့် အတိုင်း အမျိုးသား တစ်ဦးမှ ထီများနှင့် အတူ အော်ရီဒူး ဆင်းကဒ် များကို လက်ပွေ့ စနစ်ဖြင့် အော်ဟစ်၍ ရောင်းချ ခဲ့ခြင်းလည်း ဖြစ်သည်။

တယ်လီဖုန်း အရောင်းဆိုင် များ၌ ဆင်းကဒ် ဝယ်ယူသည့် အခါ၌ မှတ်ပုံတင် နံပါတ် မိတ္တူဖြင့် ပြသ၍ စာရင်း တင်ပြ၍ ဝယ်ယူ ရသော်လည်း ထိုအမျိုးသား ရောင်းချ ခဲ့သည့် ဆင်းကဒ်မှာ မည်သို့မျှ ပြုလုပ်ရန် မလိုပဲ ပိုက်ဆံ ပေး၍ ဆင်းကဒ် ယူရန်သာ ဖြစ်ကြောင်း မျက်မြင် သက်သေက ဆက်ပြောသည်။

ကာတာ နိုင်ငံ အခြေစိုက် အော်ဒီဒူး တယ်လီဖုန်း ဝယ်ဆောင်ရေး ကုမ္ပဏီမှ တယ်လီဖုန်း ဆင်းကဒ် တစ်ခုကို မြန်မာ ကျပ် ၁၅၀၀ ဖြင့်သာ ရောင်းချရန် တရားဝင် ထုတ်ပြန်၍ ဖြန့်ဖြုး ရောင်းချ ပေးနေသော်လည်း ဈေးကွက် တွင်း၌ ဝယ်လိုအား မြင့်မား နေမှုကြောင့် ဂဏန်း နံပါတ် လှသည့် ဆင်းကဒ်များမှာ ပဲခူး မြို့၌လည်း နှစ်ထောင် ငါးထောင် မှ တစ်သောင်း အထိ နံပါတ်အပေါ် မူတည်၍ ဈေးတင်၍ ရောင်းချမှုများ ရှိနေ ခဲ့ကြောင်းလည်း ကိုခက်ဇော်က ပြောသည်။

“ဒါတောင် ပဲခူးမှာ ဆားဗစ်က ရသေးတာ မဟုတ်ဘူး၊ နှစ်ထောင် ၊ ငါးထောင် ၊ တစ်သောင်း ဆိုပြီး ရောင်းနေကြတယ်၊ ဆားဗစ်က နောက်လ (စက်တင်ဘာ) ၁၅ ရက်လောက်မှ ရမယ်လို့ ကြားနေတယ်” ဟု ကိုခက်ဇော်က ပြောသည်။

အော်ရီဒူး မြန်မာ ဌာန၏ တရားဝင် ထုတ်လုပ် ထားသည့် အချက်အလက် များအရ မော်လမြိုင်၌ လာမည့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ လကုန် ပိုင်းမှ သာလျှင် တယ်လီဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုများ ရနိုင်မည် ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

ထိုသို့ တယ်လီဖုန်း ဆင်းကဒ်များကို ကုမ္ပဏီမှ သတ်မှတ် ဈေးထက် ပိုမို၍ ရောင်းချနေမှုများ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ် နေသည် ကိုလည်း စုံစမ်း စစ်ဆေး နေပြီး နက်ဖြန် သြဂုတ်လ (၁၄) ရက်နေ့၌ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ရန် အသိပေး သွားရန် ရှိကြောင်း အော်ရီဒူး မြန်မာမှ ပြန်ကြားရေး တာဝန်ခံ ဒေါ်သီရိကြာညိုက ပြောသည်။

“ကျမတို့ ဒီကိစ္စကို စုံစမ်း စစ်ဆေးမှု လုပ်နေပါတယ်၊ ကောင်းကောင်း မွန်မွန် ဖြစ်အောင်လို့၊ နောက်ပြီး ပြည်သူ လူထုကိုလည်း နည်းမျိုးစုံနဲ့ သတင်း အချက်အလက် ပေးထားပါတယ်၊ ၁၅၀၀ ကျပ်ထပ် ပိုပြီး မပေးဖို့ ၊ ဘယ်လို အရေးယူမှုတွေ လုပ်မလဲ ဆိုတာကတော့ အခု ပြောလို့ မရသေး ပါဘူး” ဟု ဒေါ်သီရိကြာညိုက ပြောသည်။

ထို့ပြင် ယခု စမ်းသပ် သုံးစွဲခွင့် ပြုသည့် ကာလ၌ ကုမ္ပဏီ၏ ဝန်ဆောင်မှု အကျိုးအမြတ် အပြည့် အဝကို ခံစား ရမည် မဟုတ်ကြောင်းလည်း အော်ရီဒူး၏ ဆင်ကဒ် သုံးစွဲသူ ဆိုင်ရာ မူဝါ၌ ပြဌာန်း ထားသည်။

မြန်မာ နိုင်ငံ၏ တယ်လီဖုန်း ဝယ်ဆောင်မှု ပေးရန် အတွက် နော်ဝေ နိုင်ငံ အခြေစိုက် တယ်လီနော ကုမ္ပဏီနှင့် ကာတာ နိုင်ငံ အခြေစိုက် အော်ရီဒူး ကုမ္ပဏီတို့မှ တင်ဒါ အောင်မြင်ထားပြီး ဖြစ်ကာ အော်ရီဒူး ကုမ္ပဏီမှာ သြဂုတ်လ (၁) ရက်နေ့၌ တယ်လီဖုန်း ဆင်းကဒ်များကို ဖြန့်ချီ ခဲ့ကာ ၊ တယ်လီနော ကုမ္ပဏီကမူ လာမည့် စက်တင်ဘာ လမှသာ ဆင်းကဒ်များ စတင် ဖြန့်ဖြူး သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေငြာ ထားပါသည်။

No comments: