Saturday, August 23, 2014

အီဘိုလာဗိုင်းရပ်စ်အတွက် ကုသမှုပေးရန် မန္တလေးတိုင်းရှိ ဆေးရုံကြီးများကို တပ်လှန့်ထား

မျိုးသန့်

အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားလျှင် ကျန်းမာရေးဝန်ကြီးဌာန ညွန်ကြားချက်ဖြင့် မန္တလေးတိုင်းအတွင်း ဆေးရုံကြီးများတွင် ကုသမှုပိုင်းဆိုင်ရာများအတွက် တပ်လှန့်ထားသည့်အပြင် စောင့်ကြည့်မှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း မန္တလေးတိုင်း ကျန်းမာရေးဦးစီးဌာန ဒု-တိုင်း ဦးစီးမှူး ဦးမျိုးသန့်ခိုင်က မဇ္ဈိမကို ပြောသည်။

၎င်းပြင် အီဘိုလာဗိုင်းရပ်စ်ကူးစက် ပြန့်ပွားသူေ တွ့ရှိလာလျှင် သီးသန့်ကုသမှု ပိုင်းဆိုင်ရာများကို ကန်တော်နဒီဆေးရုံတွင် ပြုလုပ်နိုင်ရန် စီစဉ်ထားသည်။

ရန်ကုန်မြို့တွင် သြဂုတ်၂၀ရက် အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ဟု သံသယဖြစ်ဖွယ်ရာ တွေ့ရှိပြီးနောက် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်။

“ကုသမှုပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်အောင်လည်း ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးအဖွဲ့တို့ ညွှန်ကြားချက်နဲ့ သက်ဆိုင်ရာဆေးရုံကြီးတွေကို တပ်လှန့်ထားခဲ့ပြီး ဖြစ်ပါတယ်။ စောင့်ကြပ်စစ်ဆေးမှုတွေကိုလည်း လုပ်ဆောင်နေပါတယ်” ဟု ဒု-တိုင်းဦးစီးမှူးက ပြောသည်။

ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးအဖွဲ့ လမ်းညွှန်မှုဖြင့် တိုင်းရောဂါနှိမ်နင်းရေးအဖွဲ့နှင့် လေဆိပ်တာဝန်ခံ ဆရာဝန်များ၊ လေကြောင်းညွှန်ကြားမှုဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများက ရောဂါဖြစ်ပွားနေသော အနောက်အာဖရိကနိုင်ငံများက ပြန်လည်ရောက်ရှိလာသော သူများကို အထူးကြပ်မတ်စစ်ဆေးခြင်းနှင့် အခြားပြည်ပနိုင်ငံများမှ လာရောက်သူများကို စစ်ဆေးခြင်းတို့ကို အထူးဂရုစိုက်၍ လုပ်ဆောင်နေပြီဖြစ်သည်ဟု ဆိုသည်။

“လေဆိပ်မှာ အီဘိုလာဗိုင်းရပ်စ် စစ်ဆေးဖို့အတွက် ကျန်းမာရေးဝန်ထမ်း (၇)ဦးနဲ့ သက်ဆိုင်ရာ အဖွဲ့တွေနဲ့ စောင့်ကြပ်မှုတွေ လုပ်နေတယ်”ဟု ၎င်းက ပြောသည်။

ထို့သို့ လုပ်ဆောင်ချက်များအပြင် ကျန်းမာရေးနှင့် ပတ်သက်သော လက်ကမ်းစာစောင်များ၊ အသိပညာပေးမှုများကိုလည်း လုပ်ဆောင်နေပြီဖြစ်သည်။

အီဘိုလာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ပြည်သူများက တစ်ကိုယ်ရေသန့်ရှင်းမှု လုပ်ဆောင်ရန်၊ မိမိကိုယ်ကို ကျန်းမာရေးပိုင်းဆိုင်များကို ဂရုစိုက်ဆောင်ရွက်ရန်လိုကြောင်း ခန္ဓာကိုယ်မှ ထွက်သည့် အရည်များမှ ကူးစက်နိုင်သော ရောဂါဖြစ်၍ ကူးစက်ရန်မှာ မလွယ်ကူကြောင်း ဒုတိယတိုင်းဦးစီးမှူးက ပြောကြားခဲ့သည်။

No comments: