စည်သူမောင်မောင်
သာသနာရေးဝန်ကြီး(ဟောင်း)ဦးဆန်းဆင့် လွတ်မြောက်ရေးအတွက် ရန်ကုန်မြို့ မြို့တော်ခန်းမတွင် သြဂုတ်လ ဒုတိယအပတ်၌ လူအင်အား ၃ဝဝဖြင့် ဆန္ဒဖော်ထုတ်မည်ဟု ပုသိမ်မြို့နယ်က လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကွန်ယက်မှ ဦးထွန်းထွန်းဦးက မဇ္ဈိမကို ပြောသည်။
“အဂတိလိုက်စားမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားတဲ့ ဦးဆန်းဆင့် အမှုကို ကြားနားတာကို ပွင့်လင်းမြင်သာ ပြည်သူကိုချပြစေချင်တယ်၊ အခု တရားရုံးပိတ်ပြီး လုပ်ဆောင်နေတယ်၊ လူအခွင့်အရေး ချိုးဖောက်ခံရတယ်လို့လည်း မြင်တယ်၊ ဥပဒေမှာ တန်းတူညီမျှဖြစ်စေချင်တယ်၊ လာဘ်ပေးလာဘ်ယူကို တိုက်ဖျက်မယ်ဆိုလည်း တကယ်ကို တိုက်ဖျက်စေချင်တယ်၊ အဂတိလိုက်စားတဲ့ သူတွေအများကြီးရှိနေတယ်၊ ဒီမိုကရေစီစနစ်နှင့်အညီ တရားစီရင်ရေးကိုလည်း ဖြစ်စေချင်တယ်”ဟု ဆန္ဒဖော်ထုတ်ပွဲအားဦးဆောင်မည်သူ ဦးထွန်းထွန်းဦးမှာ မဇ္ဈိမသို့ ပြောသည်။
ဆန္ဒဖော်ထုတ်ပွဲတွင်“ ပြည်ထောင်စုဝန်ကြီး သရေစည်သူ ဦးဆန်းဆင့်အား ပြစ်မှုမှ ကင်းလွတ်ခွင့်ပြုရေး" "လူအခွင့်အရေးအပိုဒ် ၇ အရ ဥပဒေရှေ့ မှောက်တွင်ခွဲခြားမှု မခံရစေရေး၊" "ပြစ်မှု ကျူးလွန်သည်ဟု ထင်ရှားစီရင်ခြင်းမခံရဘဲ အချုပ်အနှာင်မှ ကင်းလွတ်ရေး၊" "အမှန်တကယ်လာဘ်ပေးလာဘ်ယူ ကျူးလွန်သူများအား အရေးယူခွင့်ရရှိရေး၊" "ဦးဆန်းဆင့်၏ အမှန်တကယ် ပြစ်မှုကျူးလွန်သည်ဆိုပါက ပွင့်လင်းမြင်သာစွာ ပြည်သူလူထုအား ထုတ်ပြန်ကြေညာပေးရေး” စသည့် ကြွေးကြော်သံများနှင့် လက်ကိုင်ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး စုရုံးဟောပြောမည် ဖြစ်သည်။
ယင်းသို့ ဆန္ဒထုတ်ဖော်ရန် သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးကို အကြောင်းကြားစာ တင်မည်ဖြစ်ပြီး လှည့်လည် ဆန္ဒထုတ်ဖော်မည် မဟုတ်ဘဲ မြို့တော် ခန်းမရှေ့၌ပင် ဆန္ဒထုတ်ဖော်မည်ဟု ဦးထွန်းထွန်းဦးက ပြောသည်။
ယခုကဲ့သို့ ဆန္ဒဖော်ထုတ်မည့် ပုသိမ်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကွန်ယက် အပါအဝင် အဖွဲ့အစည်းအချို့က ပုသိမ်တွင်လည်း ဇူလိုင်လ ၁ရက်က လူအင်အား ၁ဝဝဖြင့် ဟစ်တိုင်တွင် ဆန္ဒဖော်ထုတ်ပြီး မြို့တွင်း လှည့်လည်ခဲ့သည်။ ယင်းနောက် ဦးဆောင်သူ ဦးထွန်းထွန်းကို ပုသိမ်မြို့ အမှတ် (၂)ရဲစခန်းက ထိုနေ့၌ပင် ပုဒ်မ ၁၉ဖြင့် တရားစွဲဆိုခဲ့ပြီး သြဂုတ်လ ၄ရက်တွင် တရားရုံး၌ အမှုရင်ဆိုင်ရမည်ဖြစ်သည်။
သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ဇွန်လ ၁၉ ရက်နေ့ တွင် ပုဒ်မ ၄ဝ၉/၁ဝ၉ ဖြင့် ဖမ်းဆီးအရေးယူခဲ့သည်။ ယင်းအပြင် ပြစ်မှု ထင်ရှားပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချနိုင်သည့် အကြည်အညို ပျက်စေမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄(က)ပါ ဇူလိုင်လ ၂ဝ ရက်က ထပ်တိုးခဲ့သည်။
ဝန်ကြီးဟောင်း ဦးဆန်းဆင့်က ဇူလိုင်လ ၃ဝရက်က ပဉ္စမအကြိမ် ရုံးချိန်းတွင် ၎င်း၏ ကျန်းမာရေး အခြေအနေကြောင့် ကျန်းမာရေးအာမခံ လျောက်ထားသော်လည်း နေပြည်တော် ဒက္ခိဏသီရိ တရားရုံးက ပယ်ချလိုက်သည်။
ဦးဆန်းဆင့်သည် ယခင်က ဧရာဝတီတိုင်းတွင် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ရာမှ သာသနာရေးဝန်ကြီး သူရဦးမြင့်မောင် ၂ဝ၁၃ဇန်နဝါရီ ၁၆ရက်က ရာထူးမှ နုတ်ထွက်သွား၍ ၎င်း၏ နေရာတွင် သာသနာရေးဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သည်။ ယင်းသို့ သာသနာရေး ဝန်ကြီးအဖြစ် တာဝန်လွဲပြောင်းပေးစဉ် ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်မှ ပြည်သူ ၁ဝဝဝက မပြောင်းရွေ့ရန် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့သည်။
No comments:
Post a Comment