မျိုးသန့်
မန္တလေးမြို့တွင် အီဘိုလာဗိုင်းရပ်စ်ကြောင့် အနာရောဂါများ ဖြစ်ပွားနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ခြင်းမှာ မမှန်ကန်ဘဲ ဗိုင်းရပ်စ်ပိုးတစ်ခုကြောင့် အနာရောဂါ ဖြစ်ပွားမှုသာဖြစ်သည်ဟု ကုတင် ၅၅ဝဆန့် ကလေးအထူးကုဆေးရုံကြီးရှိ ဆေးလူမှုဆက်ဆံရေးအရာရှိ ဦးကျော်မြင့်က မဇ္ဈိမကိုပြောသည်။
“ သာမန်သမရိုးကျ ဖြစ်စဉ်အတိုင်း (Kossikie) ဗိုင်းရစ်ပိုးကြောင့် ပြည်တည်နာ၊ အပူနာဖြစ်ပွားတာ ဖြစ်ပါတယ်၊ အီဘိုလာကြောင့် မဟုတ်ပါဘူး၊ ကုတင် ၅၅ဝဆန့် ကလေးဆေးရုံသို့လည်း အနာရောဂါဖြစ်ပွားတဲ့ ကလေးအဖြစ် နှစ်ဦးသာ ပြသမှု ခံယူမှု ရှိခဲ့ပါတယ်၊ တစ်ဦးက ပျောက်ကင်းသွားပြီး၊ တစ်ဦးကတော့ လာရောက်ပြသခြင်း မပြုတော့ပါဘူး” ဟု ဦးကျော်မြင့်က ပြောသည်။
ကလေးငယ်နှစ်ဦးမှာ ကျောက်ဆည်မြို့မှ ကလေးတစ်ဦးနှင့် မုံရွာမြို့မှ ကလေးတစ်ဦး စုစုပေါင်းနှစ်ဦး လာရောက်ပြသခဲ့ကာ ကျောက်ဆည်မှ ကလေးငယ်မှာ ကော်ထက်ကီ(Kossikie) ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါရောဂါပိုးမှာ လက်၊ ပါးစပ်နှင့် ခြေချောင်း စသည့်တို့တွင် အနာရောဂါဖြစ်ပွားတတ်သော ရောဂါပိုးတစ်မျိုးဖြစ်သည်ဟု ယင်းကဆိုသည်။
မန္တလေးမြို့ထဲ လမ်း၈ဝပေါ်ရှိ အလယ်တန်းကျောင်းတစ်ကျောင်းတွင် ကလေးငယ်အချို့မှာ ဖျားနာပြီး နောက်ဆက်တွဲအဖြစ် ယားယံမှုတစ်ခုဖြစ်ပွားကာ မျက်နှာ၊ နားများနီရဲခြင်း၊ ရောင်ကိုင်းခြင်းများ ဖြစ်ပွားနေကြောင်း၊ ယားယံမှုကြောင့် ကုတ်လျှင် ကုတ်သည့်နေရာတွင် ဖူးရောင်လာကြောင်းကိုလည်း အဆိုပါကျောင်းရှိ ကလေးမိခင်တစ်ဦးကပြောသည်။
“ကလေးက ပထမဖျားတယ်၊ ပြီးတော့ ယားတယ်ဆိုပြီးကုတ်တယ်၊ ကုတ်တဲ့အခါမှာ မျက်နှာတွေ နီးရဲပြီး ဖူးရောင်လာတယ်၊ ဖြစ်တာနှစ်ရက်သုံးရက်လောက်ရှိပြီ။ မပျောက်သေးဘူး၊ ကျောင်းထဲကို ဝင်ပြီးဆရာမနဲ့တွေ့ချင်ပေမယ့် မဝင်ရတဲ့အတွက် ဘယ်လိုလုပ်ရမလဲဆိုတာ မသိရသေးဘူး၊ ဆရာဝန်လည်း ပြကြည့်ပါတယ်၊ ဘာမှတော့ ထွေထွေထူးထူး ပြောတာတော့မရှိပါဘူး” ဟု ယင်းက ပြောသည်။
ထိုဖြစ်စဉ်များကြောင့် ယခင်က တပ်လှန့်ထားသည့် ဆားလ်၊ မာလ်၊ ကြက် ငှက်တုတ်ကွေး စသည့် ရောဂါများကဲ့သို့ လုပ်ဆောင်သွားရန် စီစဉ်နေကြောင်း၊ သက်ဆိုင်ရာ ကျန်းမာရေးဌာနနှင့် တာဝန်ရှိသူများကလည်း နယ်စပ်ဂိတ်များ၊ လေဆိပ်များနှင့် အခြားသော နေရာများတွင် စစ်ဆေးမှုများကို ပြုလုပ်နေပြီဖြစ်သည်။ လက်ရှိတွင် အဝင်အထွက် ဂိတ်များတွင် စစ်ဆေးမှုများ လုပ်ဆောင်ပြီဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနကမူ အီဘိုလာရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို ဆောင်ရွက်လျက်ရှိကာ မြန်မာနိုင်ငံအတွင်း လက်ရှိအချိန်အထိ အီဘိုလာရောဂါ ဖြစ်ပွားခြင်းမရှိဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
No comments:
Post a Comment