ဝင်းကိုကိုလတ်
မန္တလေးပဋိပက္ခဖြစ်ပွားစေသည့် လိမ်လည်တိုင်တန်းသူ လေးဦးအား စတုတ္ထအကြိမ်အဖြစ် နေပြည်တော်၊ ပျဉ်းမနား တရားရုံးတွင် သြဂုတ်လ ၅ ရက်က ရုံးထုတ်စစ်ဆေးခဲ့ပြီး ပုဒ်မ ၂၁၁၊ လီဆယ်တိုင်ကြားမှု ထပ်မံတိုး၍ တရားစွဲဆိုလိုက်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောသည်။
မန္တလေးပဋိပက္ခဖြစ်ပွားစေသည့် လီဆယ်တိုင်ကြားခဲ့သူများဟု စွပ်စွဲခံထားရသူ ဒေါ်နုနုမြတ်၊ မဖြူဖြူမင်း(ခ) ကတုံးမ၊ ဦးရဲထွဋ်နှင့် ဦးထွန်းထွန်းတို့အားသြဂုတ်လ ၄ ရက်က ၁၉၅ဝ အရေးပေါ် စီမံချက်အက်ဥပဒေ ၅(ည)၊ (ဃ)၊ (င)တို့ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့က တရားလိုပြုလုပ်၍ တရားစွဲဆိုထားသည်။
ရှေ့နေဦးအောင်သူရိန်ထွန်းက “ဒီနေ့ တရားလို ရဲမှူး ကျော်ဆန်းကို စစ်တယ်၊ လုံခြုံရေးအခြေအနေဆိုတဲ့ အကြောင်းပြချက်နဲ့ အမှုကို ဆက်တိုက် ဆက်လက်စစ်ဆေးသွားမယ်လို့ပြောတယ်၊ ထမင်းစားချိန်တောင် မရတဲ့အခြေအနေမျိုး" ဟု ဆိုသည်။
တရားစွဲဆိုခံထားရသူလေးဦးအား ယခုတစ်ပတ်အတွင်း အမိန့်ချမည်ဟု အတည်မပြုနိုင်သေးသည့် သတင်းများ ထွက်ပေါ်နေသော်လည်း ရှေ့နေဦးအောင်သူရိန်ထွန်းကမူ မသိရှိသေးကြောင်း ပြောကြားခဲ့သည်။
၎င်းက “တစ်ပတ်အတွင်းအပြီး စစ်မလား၊ မစစ်ဘူးလားတော့ ကျွန်တော်မသိဘူး၊ ဆက်တိုက်စစ်မယ်ဆိုတာတော့ သိတယ်" ဟု ပြောသည်။
ရှေ့နေဦးအောင်သူရိန်ထွန်းက ၎င်း၏အမှုသည်ဖြစ်သူ ဦးထွန်းထွန်းသည် မိသားစုဝင်များနှင့် တွေ့ခွင့်မရရုံသာမက ၎င်းနှင့်ပင် ရုံးချိန်းအတွင်း၌သာ တွေ့ခွင့်ရသည်ဟု မီဒီယာများကို ပြောသည်။
ဦးထွန်းထွန်း၏ မိသားစုဝင်တစ်ဦးဖြစ်သူ မကြည်ကြည်ခိုင်အား တွေ့ခွင့်ရ၊ မရ အတည်ပြုချက် တောင်းခံခဲ့သော်လည်း ၎င်းအနေဖြင့် ယခုအချိန်တွင် ဖြေကြားလိုခြင်းမရှိဟု ပြောကြားခဲ့သည်။
တရားစွဲဆိုခံထားရသူများ၏ မိသားစုများသည် တရားရုံးအတွင်း၌ စောင့်ကြပ်နေသည့် ရဲဝန်ထမ်းများမှတစ်ဆင့် အစေားအသောက်များကို ပေးကမ်းနေသည်ကို တွေ့မြင်ရသည်။
တရားစွဲဆိုခံရသူ ဦးရဲထွဋ်က တရားရုံမှ ထွက်ခွာနီးတွင် အချုပ်ကားမှန်တံခါးအား ဆွဲဖွင့်၍ လုံခြုံရေးများကြားမှပင် “မှန်ကန်မှုမရှိဘူး။ ဘလိုင်းကြီး စွဲချခံရတာသိလား။ ထိုးကျွေးခံရတာ” ဟု သြဂုတ်လ ၄ရက်က အော်ဟစ်သွားခဲ့သည်။
ဦးရဲထွန်းသည် ယနေ့တရားရုံးချိန်း၌ အချုပ်ကားပေါ်မှဆင်းရာတွင် မည်သည့်အကြောင်းကြောင့် မသိရသော်လည်း ရဲဝန်ထမ်းသုံးဦးမှ ပွေ့ချီ၍ ဆင်းခဲ့သည်ကို တွေ့ရသည်။
ဦးရဲထွဋ်သည် ယမန်နေ့ က ရုံးထုတ်ရာတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ၃၅၄ ပါအခွင့်အရေးကို ခံစားခွင့်မရကြောင်း၊ အခွင့်အရေးများ ဆုံးရှုံးကြောင်း အော်ဟစ်ခဲ့သေးသည်။
No comments:
Post a Comment