Friday, August 1, 2014

ဝန်ကြီးတွေကို ဖြုတ်ချရုံ နဲ့ ပြု ပြင်ပြောင်းလဲရေး အရှိန်မြှင့်နိုင်မလား

သာလွန်ဇောင်းထက် / ထက်နိုင်ဇော်

သမ္မတဦးသိန်းစိန်က ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်ကို အနားပေး လိုက် ခြင်းဖြင့် တတိယ ပြုပြင်ပြောင်းလဲရေး စတင်ပြီလို့ ပြန်ကြားရေးဝန်ကြီး ဖြစ်လာတော့မယ့် သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောဆို လိုက်ပေမယ့် ဝန်ကြီးတွေ ဖြုတ်ချပြောင်းလဲရုံနဲ့တော့ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်မလာ နိုင်ဘူး ဆိုတာ သတိပြုဖို့ လိုအပ်တယ်လို့ ပြည်တွင်းနိုင်ငံရေး အသိုင်းအဝိုင်းက ဝေဖန်ပြောဆိုလိုက်ပါတယ်။

သတင်းမီဒီယာသမားတွေကို နိုင်ငံရေးပုဒ်မ၊ နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု ပုဒ်မတွေနဲ့ ဖမ်းဆီးအရေးယူ ထောင်ချ တာတွေကြောင့် အမေရိကန် နိုင်ငံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဝေဖန်မှုတွေ မြင့်တက်နေချိန် ဇူလိုင် ၂၉ ရက် နေ့မှာ သမ္မတဦးသိန်းစိန်က ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်ကို ၄င်းတို့ရဲ့ သဘောဆန္ဒအရ ပြည်ထောင်စုဝန်ကြီး ရာထူးတာဝန်ကနေ နုတ်ထွက်ခွင့် ပြုတယ်ဆိုတဲ့ အမိန့် အမှတ် ၁၇ /၂၀၁၄ ထုတ် ပြန် လိုက်တာမို့ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ လွှတ်တော် အသိုင်းအဝိုင်းမှာ ဝေဖန်မှုတွေ ညံစီသွားခဲ့ပါတယ်။

အထူးသဖြင့် ယခင် စစ်အစိုးရလက်ထက် အလုပ်သမားရေးဝန်ကြီး၊ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ ပုံမှန်ထိတွေ့ဖို့ ဆက်ဆံရေးဝန်ကြီးဆိုတဲ့ အရေးကြီးတဲ့ ရာထူးတာဝန်တွေ ရယူခဲ့ပြီး ဦးသိန်းစိန် လက်ထက်မှာ ပြန်ကြားရေးဝန်ကြီး ဖြစ်လာတဲ့ ဗိုလ်ချုပ်ဟောင်း ဦးအောင်ကြည်ကို ရာထူးတာဝန်က ဖယ်ရှားလိုက်တာနဲ့ ပတ်သက်လို့ နားမလည်နိုင်အောင် ဖြစ်ရတယ်လို့ သတင်းမီဒီယာ အသိုင်းအဝိုင်း၊ လွှတ်တော် အသိုင်းအဝိုင်းမှာ ပြောဆိုနေကြပါတယ်။

သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ကတော့ ဦးအောင်ကြည်ကို ရာထူးကနေ အနားပေးလိုက်တာက သမ္မတရဲ့ တတိယ အဆင့်ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ဆောင်ရွက်နိုင်ခြင်း မရှိတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

“သမ္မတရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တတိယအဆင့်ကို ကူးပြောင်းဆောင်ရွက်ချိန်မှာ လိုအပ်တဲ့ ရလဒ်များကို ဖော်ဆောင် နိုင်ဖို့လိုပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါက်တာ ဖေသက်ခင်တို့က သူတို့အနေနဲ့ အဲဒီလို အခြေအနေကို ဖော်ဆောင်နိုင်ဖို့ အခက်အခဲရှိတယ်လို့ ယူဆတဲ့အတွက် သူတို့ဆန္ဒအရ အနားယူခွင့် ပြုလိုက်တာ ဖြစ်ပါ တယ်။ သမ္မတကြီးအနေနဲ့ ပြီးခဲ့တဲ့ကာလများအတွင်း သူတို့နှစ်ဦးရဲ့ ကြိုးပမ်းလုပ်ဆောင်ချက်များကို အသိအမှတ်ပြုသလို အစိုးရရဲ့ လက်ကျန် သက်တမ်းကာလအတွင်းမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်ဖို့၊ ရလဒ် ကောင်း များ ရနိုင်ဖို့အတွက် ပြုပြင်ပြောင်းလဲမှုများလုပ်ဖို့ လိုအပ်တယ်လို့ ယူဆတဲ့အတွက် အခုလို အပြောင်းအလဲ ဆောင်ရွက် ခဲ့ရတာ ဖြစ်ပါတယ်” လို့ ဦးရဲထွဋ်က ဧရာဝတီကို ပြောပါတယ်။

ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ နီးစပ်တဲ့အသိုင်း အဝိုင်းတွေဆီက ရရှိတဲ့ သတင်းတွေအရ သတင်းမီဒီယာတွေနဲ့ အစိုးရ ကြား မှာ ဖြစ်ပေါ်လာတဲ့ တင်းမာမှုတွေနဲ့ ပတ်သက်လို့ ဦးအောင်ကြည်အနေနဲ့ ပြန်ကြားရေးဝန်ကြီး တဦးအဖြစ် တာဝန်ယူ ဖြေ ရှင်း နိုင်တာမျိုး မရှိလို့ ရာထူးတာဝန်က အနားပေးခံရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ အစိုးရနဲ့ မီဒီယာ အကျပ်အတည်း ကြား က ဓားစာခံ ဖြစ်သွားသူရယ်လို့လည်း ဝေဖန်သူတွေလည်း ရှိနေပါတယ်။

ဝန်ကြီး ၂ ပါးကို အနားပေးတာနဲ့ ပတ်သက်လို့ ဦးရဲထွဋ်က ပြုပြင်ပြောင်းလဲရေး တတိယအဆင့်လို့ ပြောဆိုပေမယ့် နိုင်ငံရေး အသိုင်းအဝိုင်းကတော့ အစိုးရအတွင်းက သဘောထား မတူညီသူတွေကို ဖယ်ရှားတဲ့ သာမန်လုပ်ရပ်မျှသာဖြစ်ပြီး ပြုပြင် ပြောင်းလဲရေးလို့ မခေါ်နိုင်ဘူးလို့ ဆိုပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက “အခုဖြစ်နေတဲ့ ကိစ္စတွေနဲ့ တိုက်ရိုက်ဆက်စပ်မယ်လို့ မထင်ဘူး။ လူပြောင်းပြီး ကစားတာ၊ အစိုးရရဲ့ မူဝါဒရေးရာနဲ့ ပတ်သက်ပြီး ပဋိပက္ခဖြစ်တယ်လို့ မထင်ဘူး။ သူမလုပ်နိုင်ရင် သူ့နေရာမှာ သင့်တော်တဲ့ သူတယောက်ကို အစားထိုးပြီးတော့ ပြောင်းလိုက်မှာပဲ။ အခုအပြောင်းအလဲက မီဒီယာကို စနစ်တကျ လော်ဘီ လုပ်ပြီးတော့ ထိန်းချုပ်ဖို့ ကြိုးစားတာလည်း ဖြစ်နိုင်တယ်။ ဦးအောင်ကြည် အနေနဲ့ကျတော့ သူ့ရာထူး တသက် လုံး မှာ မီဒီယာဘက်ကနေပြီး ပြတ်ပြတ်သားသား ရပ်တည်ခဲ့တာ မရှိဘူး။ အစိုးရရဲ့ ပေါ်လစီအတိုင်း လိုက် လုပ်ခဲ့တာပဲ။ အခုကိစ္စက အစိုးရ ပေါ်လစီနဲ့ In Line မဖြစ်လို့ အဖြုတ်ခံရတာဆိုပြီး ပြောလို့မရနိုင်ဘူး။ သူ့ထက် လုပ်နိုင်တဲ့သူကို ထည့်ချင် လို့ အနားပေးလိုက်တာ” လို့ သုံးသပ်ပြောဆိုပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေးကတော့ ဝန်ကြီးတွေ ဖြုတ်ချရုံနဲ့တော့ ပြုပြင်ပြောင်းလဲရေး မဆိုနိုင် ကြောင်း သုံးသပ်ပါတယ်။

“အစိုးရပေါ်လစီနဲ့ ဆိုင်မယ်လို့ ယူဆတယ်။ ဝန်ကြီးတွေရဲ့ တယောက်ချင်းစီမှာရှိတဲ့ သူတို့ရဲ့ အလုပ်လုပ်နိုင်စွမ်းနဲ့လည်း ဆိုင်လိမ့်မယ်။ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင် ဆိုရင်လည်း ကျနော်တို့ လေ့လာကြည့်ရသလောက် သူ့အနေနဲ့ Foul ဖြစ်တာ မရှိဘူး။ အခုလို အထုတ်ခံရတော့ အစိုးရအဖွဲ့အတွင်းမှာ ပဋိပက္ခတွေများ ရှိမလားလို့ သံသယ ဖြစ်မိတယ်။ အစိုးရအဖွဲ့အတွင်းမှာ သဘောထား ကွဲတာမျိုးတွေရှိနေလို့ ဒီလိုဖြစ်နေတာလို့ ထင်တယ်” လို့ ဦးမြအေးက ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်အနေနဲ့ အကျပ်အတည်းတွေ ဖြစ်လာတိုင်း ဝန်ကြီးတွေကို ဖြုတ်ချတာ၊ အနားပေးတာမျိုး တောက် လျှောက် လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး ဒီလို ဝန်ကြီးတွေ အပြောင်းအလဲလုပ်တာကို ပြုပြင်ပြောင်းလဲရေးလို့ အမည် တပ်ခဲ့ ပါတယ်။

သမ္မတ ဦးသိန်းစိန်အနေနဲ့ အာဏာရပြီး ၁၀ လအကြာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့မှာ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးခင်ဇော်ကို ရာထူးက စတင်ဖယ်ရှားခဲ့ခြင်းဖြင့် အစိုးရအဖွဲ့အတွင်း အပြောင်းအလဲတွေ လုပ်ဆောင်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဩဂုတ်လ မှာတော့ အမှတ် ၁ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း၊ ဆောက်လုပ်ရေး ဝန်ကြီး ဦးခင်မောင်မြင့်၊ စာရင်းစစ်ချုပ် ဦးလွန်းမောင် တို့ကို ရာထူးတာဝန်မှ အနားပေးခဲ့တဲ့အပြင် ဝန်ကြီး ၉ ဦးနဲ့ ဒုဝန်ကြီး ၁၆ ဦးကို ဝန်ကြီးဌာန အပြောင်း အလဲ တွေ လုပ်ခဲ့ပါတယ်။ ဒါ့အပြင် ပြည်နယ်ဝန်ကြီး ရာထူးတာဝန်တွေကို မကြာခဏဆိုသလို အပြောင်းအရွေ့တွေလုပ်ဆောင် ခဲ့ပါသေးတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလမှာတော့ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီး ဦးသိန်းထွန်း ၊ သာသနာရေးဝန်ကြီး သူရ ဦးမြင့်မောင်တို့ကို ရာထူးတာဝန်ကနေ အနားပေးခဲ့ ပြီး ၂၀၁၄ ခုနှစ် အတွင်း မှာတော့ သာသနာရေး ဝန်ကြီးဦးဆန်းဆင့်၊ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဖေသက်ခင် တို့ကို အနားပေးခဲ့ပါတယ်။

အစိုးရက အာဏာစတင် ရယူချိန်ကတည်းက ပြုပြင်ပြောင်းလဲရေးလို့ တတွင်တွင် ပြောဆိုခဲ့ပေမယ့် အဓိကကျတဲ့ ပြုပြင် ပြောင်းလဲရေးတွေ အခုအချိန် ဖြစ်မလာသေးဘူးလို့ နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။ နှစ်ပေါင်းများစွာ အမြစ် တွယ် နေတဲ့ အကျင့်ပျက်ခြစားမှု၊ လာဘ်ပေး လာဘ်ယူမှုတွေက ဆက်လက်ကြီးထွားနေဆဲဖြစ်ပြီး အစိုးရက ထိထိ ရောက် ရောက် ကိုင်တွယ်အရေးယူတာမျိုး မရှိသေးတာ၊ တရားစီရင်ရေး ကဏ္ဍမှာလည်း အုပ်ချုပ်ရေးက ဝင်ရောက် ကြီးစိုး စီမံ ခန့်ခွဲနေပြီး အကျင့်ပျက်ခြစားမှုများ ရှိနေဆဲမို့ ပြုပြင်ပြောင်းလဲရေး အလုပ်မဖြစ်ဘူးဆိုတာ သိသာစေတယ်လို့ နိုင်ငံရေး သမားတွေက ဆိုပါတယ်။

နိုင်ငံသားတွေရဲ့ တဦးချင်း ဝင်ငွေတိုးတက်လာ ခြင်းမရှိသေးသလို ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍမှာလည်း နိမ့်ကျမှု တွေရှိနေဆဲ ဖြစ်ကြောင်း၊ မြေယာသိမ်းဆည်းမှု ပြဿနာတွေလည်း ဆက်လက် ပေါ် ပေါက်နေဆဲဖြစ်တယ်လို့ နိုင်ငံရေး အသိုင်း အဝိုင်းက ဝေဖန်ကြပါတယ်။

“ဝန်ကြီးတွေ ဖြုတ်၊ အပြောင်းအလဲ လုပ်ရုံလောက်နဲ့ တိုင်းပြည်ရဲ့ ပြဿနာတွေ ပြေလည်သွားမှာတော့ မဟုတ်ဘူး။ ဒီဝန်ကြီး တွေ မဖြုတ်ဘဲလည်း လက်ရှိဖြစ်နေတဲ့ ပြဿနာတွေက ရှင်းရမှာပဲလေ။ အခုလို ဖြုတ်ရတော့ မပြေလည်မှုတွေ ရှိနေ တာက ပိုသိသာတာပေါ့။အခုအစိုးရက ပြုပြင်ပြောင်းလဲရေး လုပ်နေတယ်လို့ ပြောနိုင်ရုံလောက်ပဲ ရှိတာ။ ဘယ်လုပ်ငန်း အောင်မြင်တာရှိလို့လဲ။ သူတို့များများလုပ်နိုင်ဖို့ ကျနော်တို့ ဝိုင်းကူဖို့လိုသလို တိုက်တွန်းဖို့လည်း လိုတယ်။ ဒီလို ဖြစ်တာက ဒီမိုကရေစီရဲ့ Image လည်း မကောင်းဘူး။ တိုင်းပြည်ရဲ့ Image လည်း မကောင်းဘူး” လို့ ဒီမိုကရက် တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ဆိုပါတယ်။

တိုင်းရင်းသားတွေကတော့ သမ္မတ ဦးသိန်းစိန် အနေနဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေတယ်လို့ ဆိုပေမယ့် ငြိမ်းချမ်း ရေး ဖော်ဆောင်နိုင်ခြင်း မရှိသလို ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုလည်း ပြင်ဆင်နိုင်ခြင်း မရှိ သေးကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ဆိုတာကလည်း လက်တွေ့ ဖြစ်မလာသေးဘူးလို့ ဆိုကြပါတယ်။

ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်းထွန်ဦးက သမ္မတ ဦးသိန်းစိန်အနေနဲ့ ဘယ်လို ပြုပြင်ပြောင်းလဲရေးတွေပဲ ဆောင်ရွက်နေပါစေ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်၊ စစ်တပ်ကြီးစိုးမှု ဖယ်ရှားရေး၊ တိုင်းရင်းသား တန်းတူရေးနဲ့ ငြိမ်းချမ်းရေး ရအောင် မလုပ်ဆောင်နိုင်သေးသ၍ ပြုပြင် ပြောင်းလဲရေးသမားလို့ မသတ်မှတ်နိုင်ဘူးလို့ ဧရာဝတီကို ပြောပါတယ်။

“တရားစီရင်ရေးကလည်း ချာတူးလန်နေတယ်။ ကန့်ဘလူမှာ တရားစီရင်ရေးကို စစ်တပ်က ဝင်စွက်နေတာ ဂျာနယ်တွေမှာ ဖတ်ရတယ်။ စစ်တပ်က နေရာတိုင်းမှာ ဝင်စွက်နေတယ်။ အခု လယ်သမားက လယ်ပိုင်ဖို့ မပြောနဲ့ လယ်လုပ်ရဖို့တောင် မြေမရှိတော့ဘူး။ ငြိမ်းချမ်းရေး ကိစ္စတွေမှာလည်း တပ်နဲ့ညှိမရလို့ ခက်နေတာ။ သူ့အစိုးရ သက်တမ်းက တနှစ်လောက် ကျန်တော့တာ ဘယ်လိုလုပ်ကြမလဲ”လို့ ဦးခွန်ထွန်းဦးက ပြောပါတယ်။

ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကတော့ လူကိုပြောင်းရုံနဲ့ ပြုပြင်ပြောင်းလဲရေး မဖြစ်နိုင်ဘဲ အောက်ခြေမှစ၍ ပုံစံချ ပြောင်းလဲမှသာလျှင် ပြုပြင်ပြောင်းလဲရေး ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

No comments: