Tuesday, August 5, 2014

မြန်မာပြည်၏ တစ်ခုတည်းသော အိုးပုတ်ပွဲတော် မန္တလေးတွင် ကျင်းပ

အောင်ကိုဦး

မန္တလေးမြို့တွင် နှစ်စဉ်ကျင်းပသော မြန်မာပြည်၏ တစ်ခုတည်းသော မြန်မာ့ရိုးရာအိုးပုတ်ပွဲတော်ကို သြဂုတ်လ ၃ ရက်က အိုးဘိုရပ်ကွက်၌ ကျင်းပခဲ့သည်။

အိုးပုတ်ပွဲတော်ကို ပုဂံခေတ် ရှေးမြန်မာမင်းများ လက်ထက်ကပင် အိုးပုတ်ခိုးပွဲတော်အဖြစ် နှစ်စဉ် တစ်နှစ်တွင် တစ်ရက်သာ ကျင်းပသည်။ အိုးပုတ်ပွဲတော်သည် တောင်ပြုန်းပွဲ အကြိုပွဲတော်တစ်ခုဖြစ်သည်ဟု ဒေသခံများကဆိုသည်။

ပွဲတော်သို့ အထက်မြန်မာပြည် အနယ်နယ်အရပ်ရပ်မှ အိုးပုတ်သည်များ လာရောက်ရောင်းချကြပြီး မန္တလေးမြို့ အပြင် မြန်မာပြည်အနှံ့မှ စိတ်ဝင်စားစွာ လာရောက် ပျော်ရွှင်ကြသည်။

"အစ်မတို့က မိရိုးဖလာ နှစ်စဉ် ဒီအိုးပုတ်ပွဲတော်ကို လာရောင်းခဲ့တာပါ။ ပျော်စရာလည်းကောင်းတယ်။ ဒီဓလေ့လေးက ဒီမှာပဲရှိတော့တယ်"ဟု စစ်ကိုင်းမြို့မှ အိုးပုတ်ချိုးရုပ် လာရောက်ရောင်းသူ မစိုးစိုးက ပြောသည်။

အိုးပုတ်ခိုးပွဲတော်သည် ညနေပိုင်း ၄ နာရီမှ စတင်၍ တိုးမပေါက်အောင် စည်ကားသည်။ ထိုအိုးပုတ်ပွဲသို့ လာရောက်ရောင်းချသော ဈေးသည်များသည် ပွဲပြီးသည်နှင့် တောင်းပြုန်းပွဲတော်သို့ သွားရောက်ရောင်းချမည်ဖြစ်သည်။

"တစ်နှစ်မှတစ်ရက် တစ်ရက်မှာ တစ်ချိန်ပဲ ကျင်းပတယ်။ အိုးပုတ်ကတော့ သိပ်မခိုးကြတော့ဘူး။ ခေတ်အရ မလုပ်တော့တာ ထင်တယ်။ အမေတို့ငယ်ငယ်ကတော့ ခိုးမှကို ပျော်စရာကောင်းတယ်။ သူငယ်ချင်းတွေ အုပ်စုလိုက်သွား ဈေးသည်တွေကို စနောက်ပြီးခိုးတာပဲ။ သူတို့ကလည်းသိတာပေါ့ ဘာမှကို မပြောဘူးပြုံးပြုံးပဲ။ အခုလည်း မြေးတွေကိုလိုက်ပို့တာ။ ၅ဝဝဖိုးလောက်ဝယ်ရင်ကို မနိုင်အောင်ရတယ်"ဟု ပွဲတော်လာသူ ဒေါ်အေးနွှဲ့ကပြောသည်။

အိုးပုတ်ပွဲတော်သည် နှစ်စဉ်ကျင်းပမြဲဖြစ်ပြီး ဈေးသည်များကလည်း မိမိနှင့်ရင်းနှီးသူများ၏ အိမ်ရှေ့တွင် ဖွင့်လှစ်ရောင်းချကြသည်ဟု ဆိုသည်။ ထိုသို့ဖွင့်လှစ်ရောင်းချခြင်းကို အိမ်ရှင်များက အခကြေးငွေယူခြင်းမရှိပေ။ အိုးဘိုရပ်ကွက်ရှိ အိမ်များကလည်း ပွဲတော်သို့လာရောက်ကြသော မိတ်ဆွေအပေါင်းအသင်းများကို အကျွေးအမွေးများနှင့် ဧည့်ခံကြသည်ဟုဆိုသည်။

No comments: