မြတ်ကျော်သူ၊ ကျော်စွာဝင်း
ဓမ္မစေတီခေါင်းလောင်းတူးဖော်နေသည့် ရက်သတ္တသုံးပတ်ကြာ သြဂုတ် ၂၆ ရက်တွင် တွေ့ရှိပြီဟု ခေါင်းလောင်းတူးဖော်ရာတွင် ဦးဆောင်သူ ဦးစံလင်းက ကြေညာချက် တစ်စောင်ထုတ်ပြန်လိုက်သည်။
ကြေညာချက်အရ ဓမ္မစေတီခေါင်းလောင်းကို “ရွှေရောင်နဂါးမင်းကြီးနှင့်တကွ နဂါးအပေါင်းတို့က” ဆီးမီးပူဇော်နေသည့်အတွက် သတင်းထုတ်ပြန်ရန် နောက်ကျနေခြင်းဖြစ်သည်ဟု ဆိုသည်။
“တွေ့ပြီဆိုရင် ဘယ်နေရာမှာ တွေ့တယ်၊ ဘယ်လိုရှိတယ်ဆိုတာကို တိတိကျကျသတင်းထုတ်ပြန်နိုင်ဖို့ လိုတယ်။ ရှင်းရှင်းလင်းလင်း လုပ်ဖို့ လိုတယ်”ဟု ဓမ္မစေတီခေါင်းလောင်းနှင့် ပတ်သက်၍ စဉ်ဆက်ပြောဆိုလာခဲ့သူ စာရေးဆရာ ချစ်စံဝင်းက မဇ္ဈိမကို ပြောသည်။
လက်ရှိတွင် မြန်မာ့နည်း၊ မြန်မာ့ဟန်နည်းပညာသည် လျှို့ဝှက်ချက်များရှိသည့်အတွက် နှုတ်မှ ဖွင့်ဟမပြောနိုင်ဟု ဦးစံလင်းက ဆိုထားပြီး မည်သို့မည်ပုံ တွေ့ထားသည်ကိုလည်း တိတိကျကျ မပြောပေ။
၎င်းက “အရိယာဝိဇ္ဇာအပေါင်းကို ခွင့်ပြုချက် တောင်းခံပြီးမှ ဓမ္မစေတီခေါင်းလောင်းကြီးကို တွေ့ရှိပြီးကြောင်း အတိအလင်း ကြေညာခြင်း”ဟုသာ ဆိုသည်။
“အစပိုင်းတော့ ခေါင်းလောင်းကြီးကို တွေ့ပြီ၊ တွေ့ပြီ ပြောပြီး နောက်ပိုင်းရှူးသွားကြတာချည်းပဲ”ဟု ဦးချစ်စံဝင်းက ဆိုသည်။
၎င်းက ၁၉၈၇ ခုနှစ်က ဦးကြိုင်ဆိုသူသည် ခေါင်းလောင်းကို တွေ့ပြီဟု ပြောဖူးသော်လည်း မဟုတ်ဟု ဆိုသည်။ ၁၉၉၀ ၀န်းကျင်ကလည်း ဒေါ်ခင်အေးသိန်းခေါင်းဆောင်ပြီး ခေါင်းလောင်းကို တွေ့ပြီဟု ဆိုခဲ့သေးသည်ဟု ပြောသည်။
ထိုစဉ်က ရေထဲတွင် ခေါင်းလောင်းရှိနေသည်ဟုဆိုသည့် ကုန်းမြေကို စတင်တွေ့ရှိခဲ့သူကို အစွဲပြု၍ အောင်ကျော်ကုန်းဟု ခေါ်ဖူးသည်ဟု ဦးချစ်စံဝင်းက ဆိုသည်။
အလေးချိန် ၂၉၀ ရှိသည်ဆိုသော ဓမ္မစေတီခေါင်းလောင်းသည် တန် ၃၀ရှိ ပုံမှန် ကုန်တင်ယာဉ် ၁၀ စီးစာခန့် ရှိနေမည်။
အကယ်၍ ခေါင်းလောင်းကို ဆယ်ယူနိုင်ပါကလည်း မည်သို့မည်ပုံ သယ်ယူရမည်ကို စီစဉ်ထားမှုမရှိသေးဟု ခေါင်းလောင်းဆယ်ယူရေးတွင် အကူအညီပေးနေသည့် မွန်တိုင်းရင်းသား နိုင်မင်းအောင်က ပြောသည်။
မဇ္ဈိမက တွေ့မြင်ရသည်မှာ ခေါင်းလောင်းတွေ့သည်ဟူသည့်နေရာတွင် ရေပေါ်ကရိန်းဖြင့် ရေထဲသို့ ကြိုးများချထားသည်ကို တွေ့ရပြီး ကြည့်ရှုသူများအကြား ခေါင်းလောင်းကို ကြိုးဖြင့် ချည်ထားပြီးပြီဟု ကောလာဟလများထွက်နေသည်။
“မြေအောက် ၁၅ တောင်မှာ မြုပ်နေတာကို ဘယ်လိုလုပ် ကြိုးနဲ့ချည်နိုင်မလဲဗျာ။ ပြီးတော့ ရေကလည်း ပေ ၄၀ ဆိုတော့ ကြိုးနဲ့ချည်မယ်ဆိုရင် ရေထဲမှာ ပေါလော မြောနေမှရမှာပေါ့၊ လက်တွေ့ကျကျ စဉ်းစားကြစေချင်ပါတယ်”ဟု စာရေးဆရာ ချစ်စံဝင်းက ဆိုသည်။
ဓမ္မစေတီခေါင်းလောင်းတူးဖော်မှု မစတင်မီ ဇူလိုင် ၂၅ ရက်က သတင်းစာရှင်းလင်းပွဲတွင် သုံးပတ်အကြာတွင် တူးဖော်နိုင်မည်ဟုဆိုပြီး ၎င်းတို့ ပြောထားသည့်ရက် အတိအကျတွင်ပင် တွေ့ရှိပြီဟု ကြေညာလိုက်ခြင်းလည်းဖြစ်သည်။
No comments:
Post a Comment