Monday, August 4, 2014

တောင်ပြုံး ပွဲတော်တွင် ဆိုင်ခန်းခ ဈေးမြင့်၍ ဈေးရောင်းချသူများ အဆင်မပြေ

မျိုးသန့်

ပြင်ဦးလွင် ခရိုင်၊ မတ္တရာ မြို့နယ်တွင် ကျင်းပ ပြုလုပ်သည့် တောင်ပြုံး ပွဲတော်၌ ယခုနှစ်တွင် ဆိုင်ခန်းခ ဈေးနှုန်း ကြီးမြင့်မှုနှင့် ဆိုင်ခန်း တည်ဆောက်မှု နောက်ကျ၍ ရက်ကြို ရောင်းချ နိုင်ခြင်း မရှိမှု တို့ကြောင့် ဈေးရောင်းချ သူများ အဆင်မပြေ ကြကြောင်း ဈေးဆိုင် ပိုင်ရှင်များက ပြောသည်။

“ ပွဲတော်ရက်မှာ ဝါခေါင်လဆန်း ၈ရက်ကနေ ၁၅ရက် အထိ ကျင်းပတာ ဖြစ်တယ်။ အဲဒီရက် မတိုင်မှီ ဆိုင်ခန်း ဖွင့်လှစ် ရောင်းချရ တာပါ။ ဒီနှစ်ကတော့ ဆိုင်ခန်း ချပေးတာ သိပ်အနီး ကပ်တယ်။ ဆိုင်ခန်းခလည်း ဈေးတက်တယ်။ ဒါအပြင် ဒီနှစ်က မန္တလေးဖြစ်စဉ် ရှိတော့ အရောင်းအဝယ်က အေးရတဲ့ အထဲ အဆင်မပြေ မှုလည်း များလာတာ ဖြစ်ပါတယ်။ ဒီနေ့ထိတော့ ရောင်းရတာ ခပ်ပါးပါးပဲ ဖြစ်ပါတယ်” ဟု စားသောက်ကုန် ပစ္စည်းများ ရောင်းချသည့် ဆိုင်ပိုင်ရှင် ဒေါ်ကြည်က ပြောသည်။

ဆိုင်ခန်း ဈေးနှုန်းမှာ ယခင်နှစ်က နှစ်သိန်း ဝန်းကျင်ခန့်သာ ရှိခဲ့ရာ ယခုနှစ်တွင် သုံးသိန်း လေးသိန်း ဝန်းကျင်အထိ ရောက်ရှိ နေခြင်း၊ ဆိုင်ခန်းများကို ပွဲတော် မကျင်းပမှီ ရက်အတော်အတန် ကြာချိန်မှ စတင် ဆောက်လုပ် ပေးကာ ပွဲတော် မတိုင်မီ ပွဲတော်လာ ပရိသတ် များကို ရောင်းချနိုင်ခဲ့ သော်လည်း ယခုနှစ်တွင် ရောင်းချ ရသည့်ရက် နည်းသွားခြင်း စသည့် တို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။

“ကိုယ်တော်ကြီးကို လေးစား ကြောက်ရွှံ့ တာကြောင့် ရှိတဲ့ငွေနဲ့ နှစ်စဉ် အခစား ဝင်တာ ဖြစ်တယ်။ အခု ဘယ်လိုဖြစ် နေလည်း ဆိုတော့ နတ်နန်း အခန်းနေရာ အတည်အကျ မရှိပဲ နှစ်တိုင်း ပြောင်းတော့ ကိုယ်မိတ်ဆွေတွေက နတ်ခန်း လာရှာရတာ အဆင်မပြေ ကြတော့ဘူး။ အဲလိုမျိုး ဖြစ်တဲ့အခါ သူတို့ရဲ့အလှူငွေနဲ့ တောင်ပြုံးလာ ခစားရဖို့က ခက်သွားတယ်။ ကိုယ်ငွေနဲ့ ဆိုလည်း လာဖို့က မလွယ်ဘူး”ဟု နတ်ကတော် ဒေါ်ညွှန်ခင်က ပြောသည်။

ဆိုင်ခန်း နေရာချထား ပေးရာတွင် တောင်ပြုန်း ဂေါပက အဖွဲ့က လုပ်ပိုင်ခွင့် ရရှိသည်မှာ သုံးနှစ်သာ ရှိပြီး ဆိုင်ခန်းဈေးနှုန်း များလည်း နှစ်စဉ် ဈေးတက်နေ ခြင်းကြောင့် ဆိုင်ခန်းငှားသူ နည်းပါးလာ ကြောင်း၊ ယခုနှစ် ဆိုင်ခန်း ဆောက်ရာတွင် နောက်ကျ သဖြင့် ပွဲတော်လာ အခန်းငှားသူများ သုံးရက်ခန့် ဘုရားထဲတွင် တည်းခိုခဲ့ ရကြောင်း ၄င်းကပင် ပြောသည်။

တောင်ပြုံး ဂေါပက အဖွဲ့ဝင်တစ်ဦးထံ ဆက်သွယ် မေးမြန်းရာ”ဆိုင်ခန်းတွေ အကြောင်း သိချင်ရင် တောင်ပြုန်း လာခဲ့ပါ။ဆိုင်ခန်းပေါင်း ဘယ်လောက် ဆိုတာလဲ မပြောနိုင်ဘူး”ဟုပြောဆိုခဲ့ပြီး ဖြေကြားခြင်းကို ငြင်းဆိုခဲ့သည်။

No comments: