Friday, August 1, 2014

ဧရာဝတီမြစ်ဆိပ်တွင် အုပ်စုဖွဲ့ ခိုးမှုဆက်ဖြစ်နေ

မြတ်မင်း

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း၊ ရဲတပ်ဖွဲ့တို့၏ ပူးပေါင်းနှိမ်နင်းမှုများကြောင့် ဧရာဝတီမြစ်ဆိပ်ကမ်းများတွင် ဖြစ်ပွားခဲ့သည့် မော်တော်ပေါ်ရှိ ပစ္စည်းခိုးယူမှုငြိမ်သက်နေရာမှ ယခုရက်ပိုင်းအတွင်း ပြန်လည် ဖြစ်ပွားလာသည်ဟု ထင်းဝင်းဘောဂကြီးဆိပ်ရှိ ဒေသခံအချို့က မဇ္ဈိမကို ပြောသည်။

“အရင်တုန်းက ရဲလုံခြုံရေးချပေးခဲ့တဲ့အတွက် ငြိမ်သွားခဲ့သေးတယ်။ အခုမှပြန်ထလာတာ။ မော်တော်ပေါ်တက် ခိုးနေတာကို မြင်တယ်။ မအော်ရဲဘူး။ အော်ရင် ဘက်ဂွနဲ့ အပြစ်ခံရတယ်။ သူတို့တွေက နောက်ရက်ကျရင် မော်တော်ကို မှတ်ထားပြီး မော်တော်ဝမ်းကို ဖောက်ပစ်ရင် ဘယ်လိုလုပ်မလဲ။ မအော်ရဲဘူး”ဟု ဘောဂကြီးဆိပ်မှ ဒေသခံတစ်ဦးက ပြောသည်။

ခိုးယူသူများက အုပ်စုဖွဲ့ခိုးယူကြခြင်းဖြစ်ပြီး တုတ်၊ ဓား၊ လက်နက်များပါဝင်ပြီး ဆီပုံးများ၊ ဘတ္ထရီအိုးများကို အဓိကခိုးယူ ကြသည်ဟု ဆိုသည်။

“ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကောင်မလေးတစ်ယောက် ဘက်ဂွနဲ့ အပြစ်ခံရသေးတယ်။ သူတို့ ပစ္စည်းဝင်ခိုးတာကို မြင်တော့ ကောင်မလေးက အော်တယ်။ ဒါကို အော်ရပါမလားဆိုပြီး ဘက်ဂွနဲ့ပစ်သွားတာ” ဟု ၎င်းဖြစ်စဉ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့သူ တစ်ဦးက ပြောသည်။

ခိုးမှုဖြစ်စဉ်များသည် နံနက် ၁ နာရီမှ ၅ နာရီအတွင်းအဖြစ်များပြီး၊ အခိုးခံရသူများမှာ ရန်ပြုခံရခြင်း၊ အငြိုးထား အန္တရာယ်ပြုခံရခြင်းများ ကြောက်ရွံ့သဖြင့် ရဲစခန်းများတွင် အမှုဖွင့်တိုင်ကြားခြင်းမရှိသလောက် နည်းပါးသည်ဟု ဆိုသည်။

ယင်းဖြစ်စဉ်များ ဖြစ်ပွားလျက်ရှိသည်ကို မိမိတို့သိရှိပါကြောင်း၊ သက်ဆိုင်ရာက သိရှိအောင်တင်ပြပေးမည်ဖြစ်ကြောင်း၊ ချမ်းအေးသာစံတိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်မာက မဇ္ဈိမကို ပြောသည်။

“ပြောနေတာတွေကို ကြားတယ်။ ကိုယ်က အာဏာပိုင်မဟုတ်တော့ ထိရောက်အောင် မလုပ်နိုင်ဘူး။ လွှတ်တော်ပုံမှန် အစည်းအဝေးခေါ်တဲ့အချိန်ထိ ဒီလိုမျိုးတွေ ဆက်ဖြစ်နေရင် ဒီကိစ္စကိုဘယ်လို လုပ်ကြမလဲဆိုတဲ့ မေးခွန်းမျိုးကို မေးရမှာပေါ့။ ပုံမှန်အစည်းအဝေးလုပ်ဖို့က ကြာနေမယ်ဆိုရင် လွှတ်တော်ဥက္ကဋ္ဌကြီးကတစ်ဆင့် အစိုးရထံ ရောက်အောင် အစီရင်ခံစာတင်ပေးရမယ်။ ကျွန်မနယ်မြေဖြစ်တဲ့အတွက် ကျွန်မမှာ တာဝန်အများကြီးရှိပါတယ်”ဟု ဒေါ်တင်တင်မာက ပြောသည်။

၂၀၁၄ နှစ်ဆန်းက မန္တလေးတိုင်း ရဲတပ်ဖွဲ့နှင့် စစ်ကိုင်းတိုင်းရဲတပ်ဖွဲတို့ ပူးပေါင်းပြီး ခိုးမှုများကို နှိမ်နင်းခဲ့သည်ဟု ဆိုသည်။ လတ်တလောဖြစ်စဉ်များနှင့် ပတ်သက်ပြီး တိုင်ကြားထားခြင်း မရှိကြောင်း၊ မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဦးဇော်မင်းဦးက ပြောသည်။

“အရင်တုန်းက ဒီလိုမျိုးဖြစ်စဉ်တွေများလို့ ကျွန်တော်တို့ ဖမ်းဆီးခဲ့တာ တော်တော် ငြိမ်သွားပြီး ဒီလိုမျိုးတွေ ပြန်ဖြစ်လာတယ်ဆိုရင်တော့ ကျွန်တော်တို့ကို အကြောင်းကြားပါ”ဟု ၎င်းက ပြောသည်။

No comments: