Saturday, August 23, 2014

တန်ဖိုးနည်းအိမ်ရာအနီးရှိ မြေကွက်များ ဈေးကစားမှုကြောင့် ဈေးနှုန်းမြင့်တက်

မျိုးသန့်

တန်ဖိုးနည်း အိမ်ရာစီမံကိန်း တည်ဆောက်ပြီး စက်တင်ဘာတွင် ရောင်းချတော့မည့် မြရည်နန္ဒာရပ်ကွက်ရှိ မြေကွက် ဈေးနှုန်းရာကြီးပိုင်းအထိ ရောက်ရှိလာခြင်းမှာ ရင်းနှီးမြှုပ်နှံသူများနှင့် ပွဲစားများ ဈေးကစားခြင်းကြောင့် ဖြစ်နိုင်ကြောင်း ၀ါရင့်အိမ်ခြံမြေလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

“ဈေးကွက်ကလည်း ကောင်းတယ်။ ဒါပေမဲ့ တအားကြီး အမြင့်ပိုင်းတော့ မရောက်သေးပါဘူး။ အ၀ယ်လိုက်တဲ့အခါ မြေကွက် အနေအထားကောင်းတာက ရှားတော့ နည်းနည်းဈေးနှုန်းမြင့်သွားတာတွေ ရှိပါတယ်။ အဓိကတော့ ရင်းနှီးမြှုပ်နှံသူလို့ ပြောပြီး ပွဲစားတွေက ဈေးကစားတာကြောင့်လည်း အခုလို မြင့်တက်နေတာ ဖြစ်နိုင်ပါတယ်”ဟု အိမ်ခြံမြေ၀ါရင့်ပွဲစား တစ်ဦးက ပြောသည်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ တန်ဖိုးမျှအိမ်ရာ စီမံကိန်းအနီးဝန်းကျင်တွင် တည်ရှိသောကြောင့် ဈေးကွက်အလားအလာ ကောင်းမွန်လာတော့မည်ဖြစ်ခြင်း၊ ရင်းနှီးမြှုပ်နှံလိုသူများပြားလာခြင်းနှင့် လူနေသိပ်သည်းမှု များလာတော့မည်ဖြစ်၍ ယခုကဲ့သို့ ဈေးကွက် ကောင်းမွန်လာခြင်းဖြစ်သည်။

“မြရည်နန္ဒာမှာ တစ်နေ့ကို လေးငါးဆယ်ကွက်လောက်တော့ အရောင်းအ၀ယ် ဖြစ်ပါတယ်။ မြို့သစ်ပိုင်းက အိမ်ရာစီမံကိန်းနားမှာ မြေကွက်ဈေးကတော့ တော်တော်လေးလှုပ်ပါတယ်။ ဈေးနှုန်းကလည်း ပေ၄၀ x ၆၀ တစ်ကွက်ကို ကျပ်သိန်း ၇၀၀ ကျော်ကနေ သိန်း ၁,၅၀၀ အတွင်းရှိပါတယ်” ဟု အိမ်ခြံမြေအကျိုးတော် ဆောင်တစ်ဦးက ပြောသည်။

အိမ်ရာစီမံကိန်း ၀န်းကျင်ဖြစ်သည့် မြရည်နန္ဒာရပ်ကွက် မမ-၆ အနီး ၄၉ လမ်း၊ ဂန္ဓမာလမ်းဝန်းကျင်ရှိ မြေကွက်များမှာ ပေ၄၀ x ၆၀ တစ်ကွက်လျှင် ကျပ်သိန်း ၇၅၀ မှ ကျပ်သိန်း ၁,၅၀၀ အထိ ဈေးနှုန်းရှိကြောင်း၊ မြေနေရာအနေအထား မကောင်းမွန်သော နေရာများတွင် ကျပ်သိန်း ၃၀၀ ၀န်းကျင်ပေါက်ဈေးရှိကြောင်း၊ ပွဲစားများ အပြိုင်အဆိုင် ၀ယ်ယူမှုများကြောင့် သတ်မှတ် ပေါက်ဈေးထက်ပိုသော နေရာများလည်းရှိသည်ဟု ဆိုသည်။

ထို့ပြင် မမ ၆၊ မမ ၇၊ မမ ၁၄၊ မမ ၁၄(က)၊ မမ ၂၂၊ မမ ၂၃၊ မမ ၂၄၊ မမ ၂၅၊ အရောင်းအ၀ယ် အကောင်းဆုံး အနေအထားသို့ ရောက်ရှိနေ၍ ဈေးနှုန်းမှာလည်း ပေါက်ဈေးထက် ရာဂဏန်းဝန်းကျင် မြင့်တက်နေသည်။

မူလက အဆိုပါနေရာများမှာနေရာ အနေအထားအလိုက် ကျပ်သိန်း ၃၀၀ မှ ၅၀၀ ခန့်သာရှိခဲ့သည်ဟု ဆိုသည်။

လက်ရှိအရောင်းအ၀ယ်ဖြစ်သော နေရာများမှာ လူနေထိုင်သည့် အကွက်များ မဟုတ်ဘဲ မြေကွက်အလွတ်များသာ ဖြစ်သော်လည်း တန်ဖိုးမျှအိမ်ရာစီမံကိန်း တည်ဆောက်မည့် အလားအလာကို မျှော်မှန်း၍ ရင်းနှီးမြှုပ်နှံလိုသူများက ၀ယ်ယူမှုများ ပြုလုပ်ခြင်းကြောင့် ယခုကဲ့သို့ ဈေးကွက်အနေအထား ကောင်းမွန်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

No comments: