ခင်မြတ်မြတ်ဝေ၊ မင်းဟိန်းထက်
လူမှုကွန်ရက် စာမျက်နှာ ဖေ့စ်ဘုတ်ပေါ်တွင် အင်္ဂလိပ်စာ သင်ကြားပေးသည့် အမေရိကန်နိုင်ငံသား ဦးမောင်မောင်ဝမ်းအား ရေနံချောင်းမြို့နယ် မဲထီးဘုန်းကြီးကျောင်း(TOFLA)တွင် သြဂုတ်လ ၄ရက်က အင်္ဂလိပ်စာသင်တန်း ပို့ချနေချိန်အတွင်း ရေနံချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနှင့် မြို့နယ်ထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ လာရောက်တာားမြစ်သည့် အတွက် မသင်ကြားတော့ဟု ဦးမောင်မောင်ဝမ်းက မဇ္ဈိမကို ပြောသည်။
"စာသင်တာ အခုလိုလုပ်တော့ မသင်တော့ဘူး။ စိတ်အနှောက်အယှက်ဖြစ်သွားတယ်။"ဟု ယင်းက ပြောသည်။
အမေရိကန် နိုင်ငံသား ဆရာဦးမောင်မောင်ဝမ်းသည် Social Visa ဖြင့် လာရောက်သဖြင့် အခကြေးငွေ ယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ စာသင်ကြား၍ မရဟုဆိုကာ ရေနံချောင်း လဝကက လာရောက်တားမြစ်ခြင်း ဖြစ်သည်ဟု ဆိုသည်။
"မြို့နယ် လဝက ဦးစီးမူးမှ ( တိုင်းလဝက ဦးစီးမူး ဦးထွန်းဝေ ) ညွန်ကြားချက်အရဆိုပြီး လာရောက်ပိတ်ပင်ပါတယ်။ တရားဝင်စာထုတ်ပေးဖို့ တောင်းဆိုရာမှာတော့..သဲသဲကွဲကွဲ အဖြေမပေးပါဘူး"ဟု ဦးမောင်မောင်ဝမ်းက ၎င်းက ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။
နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန စီမံဌာနကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ဌာနမှ အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက Social Visa ၏ သဘောသဘာဝသည် လူမှုရေးအရ အလည်အပတ်သွားခြင်း၊ မိသားစု၊ ဆွေမျိုး သားချင်းများထံ အလည်အပတ် ခရီးအတွက်သာ ခွင့်ပြုထားခြင်းပြီး စီးပွားရေးလုပ်ခြင်းသူများ အတွက် Business Visa လျှောက်ထားရမည်ဟု ပြောသည်။
"စာသင်တာ အခကြေးငွေယူယူ၊ မယူယူ စာသင်ချင်တယ်ဆို Business Visaနဲ့ ပြန်လျှောက်ပေါ့။ ဒါကြောင့်တားမြစ်တာပါ"ဟု ယင်းက ပြောသည်။
အမေရိကန်နိုင်ငံသား ဦးမောင်မောင်ဝမ်းက ရေနံချောင်းမြို့ မဲထီးဘုန်းတော်ကြီးကျောင်းတွင် သြဂုတ် ၄ ရက်မှ ၉ ရက်အထိ ပညာဒါန သင်ကြားပေးရန်စီစဉ်ထားခြင်းဖြစ်သည်။ ထိုသို့ တားမြစ်ခဲ့သော်လည်း ဦးမောင်မောင်ဝမ်း သင်ကြားမှုကို ဆက်လက်မသင်တော့ဘဲ သင်တန်းကိုမူ ဆက်ဖွင့်ထားဆဲဟု မဲထီးဘုန်းကြီးကျောင်းမှ သင်တန်းကျောင်း တာဝန်ရှိသူ ဦးဝေလွင်ဦးက ပြောသည်။
ယင်းသို့ ပညာဒါန သင်တန်း ပို့ချမှု တားမြစ်ခံရခြင်းနှင့် ပတ်သက်၍ ရေနံချောင်းမြို့ခံ ဦးကျော်ဆန်းဦးက" ကျွန်တော်တို့ ရေနံချောင်းမြို့ကလူတွေက ပညာရေးကိုအရမ်းလိုချင်ကြတယ်။ လူငယ် မျိုးဆက်တွေကိုလည်း ပညာသင်ကြားခွင့်ကောင်းကောင်းရစေချင်တယ်။ အရင်က စာပေဟောပြောပွဲတွေပိတ်တယ်။ တရားပွဲတွေပိတ်တယ်။ ခု ပညာရေးကိုပိတ်ပင်တယ်။ ဒါမလုပ်သင့်တဲ့အလုပ်ကို လုပ်နေကြတာပဲ။ နည်းမျိုးစုံနဲ့ ပြည်သူတွေကို အကျိုးမရှိအောင် လုပ်နေတယ်လို့ ခံစားရတယ် "ဟု ဆိုသည်။
ပညာဒါနသင်တန်းကို မူလစီစဉ်ထားသည့် အတိုင်း မဲထီးဘုန်းတော်ကြီးကျောင်းတွင် ညနေ ၅နာရီမှ ည ၇နာရီအထိ ဖွင့်လှစ်ထားဆဲဖြစ်ကာ သင်တန်းသား ၃ဝဝ ဝန်းကျင် တက်ရောက်နေသည်။
ဆရာဦးမောင်မောင်ဝမ်းက သြဂုတ်လ ၁၆ရက်တွင်လည်း မန္တလေးမြို့ရှိ ပညာဒါန သင်တန်းတွင် အင်္ဂလိပ်စာ ပို့ချမည်ဖြစ်ရာ အစိုးရဌာနများ အနေဖြင့် ယခုကဲ့သို့ လာရောက်တားမြစ်ပါက ဆက်လက် သင်ကြားမည်မဟုတ်ဟု ယင်းက ပြောသည်။
ယင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ရန်ကုန်မြို့ရှိ နာရေးကူညီမှုအသင်းက ဖွင့်လှစ်ထားသည့် သုခအလင်း ပညာဒါန သင်တန်းကျောင်းတွင်လည်း သင်ကြားခဲ့ပြီး ကျောင်းသား ၃ဝဝကျော် တက်ရောက်ခဲ့သည်။
No comments:
Post a Comment