Tuesday, August 5, 2014

ကားအရောင်းစင်တာနှင့် ကားသိုလှောင်ရုံများ ဖွင့်လှစ်ရန် အများပိုင်ကုမ္ပဏီ ထူထောင်မည်

ထင်လင်းအောင်

မော်တော်ကားတင်သွင်းရောင်းချခြင်း ဆိုင်ရာလုပ်ငန်းကို ပိုမိုလွယ်ကူစွာတိုးချဲ့ လုပ်ကိုင်နိုင်ရေးအတွက် ကားအရောင်းစင်တာလုပ်ငန်းရှင်များ စုစည်းကာ အများပိုင်ကုမ္ပဏီတစ်ခု တည်ထောင်သွားရန်ရှိသည်ဟု မြန်မာနိုင်ငံမော်တော်ကား ထုတ်လုပ်တင်သွင်း ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက မီဒီယာများကို ပြောသည်။

အဆိုပါကုမ္ပဏီသည် ကနဦးအားဖြင့် တင်သွင်းကားများထားရှိရန် ဆိပ်ကမ်းနေရာအခက်အခဲနှင့် ရန်ကုန် မြို့တွင်း မြေအငှားဈေးနှုန်းကြီးမြင့်သဖြင့် ကားအရောင်းစင်တာဖွင့်လှစ်ရေး အခက်အခဲနှစ်ရပ်ကို ဖြေရှင်း နိုင်ရေးကို လုပ်ကိုင်သွားမည်ဟု ဇူလိုင် ၃၀ ရက်က မြန်မာနိုင်ငံကုန်သည်/စက်မှုအသင်းချုပ်တွင်ပြုလုပ် သော ကားလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ပြောသည်။

ဒေါက်တာစိုးထွန်း က “ ကားလုပ်ငန်းကို ဒီထက်ပိုပြီးဖွံ့ဖြိုးလာဖို့လုပ်ရမှာတွေအများကြီးပဲ။ ဒါပေမဲ့ အသင်း အနေနဲ့ဆိုရင် စီးပွားရေးလုပ်လို့မရဘူး။ ဒါကြောင့် ၀ိုင်းစုပြီးတော့ ကုမ္ပဏီတစ်ခုကို တည်ထောင်သွားဖို့ရှိ တယ် ”ဟု ပြောသည်။

ပြည်ပမှ တင်သွင်းလာသောကားများကို အခွန်မဆောင်မီဆိပ်ကမ်း၌ထားရှိရာတွင် နေရာအခက်အခဲ ကြောင့် နှစ်လသက်တမ်းကျော်ကားများကို ဒဏ်ရိုက်ခြင်း၊ သိမ်းဆည်းခြင်းများကို အစိုးရကဆောင်ရွက် လျက်ရှိသည်။ ယင်းပြဿနာ ပြေလည်စေရေးအတွက် နိုင်ငံတကာကဲ့သို့ ယာယီ ကုန်သိုလှောင်ရုံ (Bounded Warehouse) တည်ဆောက်ရန် စီစဉ်ခြင်းဖြစ်သည်။

ထို့အတူ ရန်ကုန်မြို့အတွင်း၌ မြေယာအငှားဈေးနှုန်းများ မြင့်တက်လာသဖြင့် ကားအရောင်းစင်တာများ ဖွင့်လှစ်ရန် အခက်အခဲရှိလာသဖြင့် ရန်ကုန်မြို့နှင့် အနီးဆုံး၌ ကားအရောင်းစင်တာဆိုင်ခန်း များစုပေါင်း ရောင်းချစင်တာ (Complexes) တစ်ခုကို ဖွင့်လှစ်နိုင်သွားရန် စီစဉ်နေသည်ဟု ဆိုသည် ။

ဆက်လက်၍ ဒေါက်တာစိုးထွန်း က “Bounded Warehouse တို့ စုပေါင်းကား အရောင်းစင်တာတို့ဖွင့် လှစ်နိုင်ဖို့တွေကတော့ အစိုးရကိုတင်ပြထားတဲ့အဆင့်တော့ရောက်နေပါပြီ။ အစိုးရကနေရာချမပေးရင် လည်း လုပ်ငန်းရှင်တွေဝိုင်းစုပြီး နေရာရအောင်လုပ်ဖို့ စီစဉ်နေပါတယ်။ ဒါတွေလုပ် ဖို့အတွက်မြေနေရာ ကအဓိကပါ။ ကုမ္ပဏီ ထောင်တာကလွယ်တယ်။ ဒါတွေကိုလုပ် ဖို့အတွက် နေရာရဖို့တွေကသာ စီစဉ်နေရ တာပါ ” ဟုပြောသည်။

စုပေါင်းကားအရောင်းစင်တာအတွက်ကိုမူ မြေဧက ၂၀၀ ခန့် နေရာတစ်ခု ရရှိရန် ရှာဖွေလျက်ရှိပြီး Bounded Warehouse ကိုမူ ဆိပ်ကမ်းနှင့် နီးစပ်သည့် နေရာတွင်ရရှိရန် ဆောင်ရွက်နေသည်။

No comments: