Thursday, August 28, 2014

ရခိုင်ပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးဥပဒေကို လွှတ်တော်မှ အတည်ပြု

နန်းမြနဒီ

လက်ရှိ ကျင်းပနေတဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ရခိုင်ပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းရေးဥပဒေကို ပြဋ္ဌာန်းဖို့ သြဂုတ် ၂၆ ရက်နေ့က အတည်ပြုလိုက်ပါတယ်။

ရခိုင်ပြည်နယ် ဥပဒေပြုရေးကော်မတီက ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက်နေ့က အဆိုပြုထားခဲ့တဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးဥပဒေကို ဒီကနေ့ လွှတ်တော်ကနေ အတည်ပြုပေးလိုက်ပြီလို့ ဥပဒေပြုရေးကော်မတီဥက္ကဋ္ဌလည်းဖြစ် ရခိုင်အမျိုးသားပါတီဝင် ပြည်နယ်လွှတ်တော်အမတ်လည်းဖြစ်တဲ့ ဦးအောင်မြတ်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ဥပဒေပြုရေးကော်မတီနဲ့ ဟိုဘက် အဖွဲ့တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အကုန်လုံး သဘောတူညီချက် ရသွားတဲ့အတွက်ကြောင့် ဒီနေ့ ဥပဒေတခုလုံးကို အတည်ပြုလိုက် ကြတာပေါ့။ အဓိက ကျနော်တို့ ရခိုင်ပြည်နယ်ဆိုတာကလည်း ယဉ်ကျေးမှု အမွေအနှစ် ပေါများတဲ့ ပြည်နယ်တခုဖြစ်တဲ့အတွက် ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက် နိုင်ဖို့အတွက် ဥပဒေတခုအတည်ပြုပြဋ္ဌာန်းပြီး ထိန်းသိမ်းဖို့ လိုအပ်တယ်လို့ ယူဆတဲ့အတွက် ဒီဥပဒေကို အတည်ပြုလိုက်ကြတာပါ။”


အတည်ပြုလိုက်တဲ့ဥပဒေမှာ အခန်းပေါင်း ၁၁ ခန်း ပုဒ်မပေါင်း ၃၉ ခု ပါရှိပြီး အဲဒီ ဥပဒေမူကြမ်းကို လွှတ်တော်အမတ်တွေ၊ ဥပဒေပညာရှင်၊ သမိုင်းပညာရှင်နဲ့ သုတေသီတွေပါ ပါဝင်တဲ့ ၁၇ ဦးကော်မတီက ၆ လလောက် အချိန်ယူ ညှိနှိုင်းရေးသားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီထဲမှာ ဥပမာ ရှေးဟောင်းအမွေအနှစ်နယ်မြေအတွင်း ခွင့်ပြုချက်မရဘဲ ဟိုတယ်နဲ့ မိုတယ်စတဲ့ အဆောက်အဦတွေ ဆောက်လုပ်ရင် ထောင်ဒဏ် ၃ နှစ်၊ ရှေးဟောင်း ပစ္စည်းတွေကို အလွှဲသုံးစားပြုခြင်း၊ ဥပဒေမဲ့ ရောင်းဝယ်ဖောက်ကားခြင်း၊ ခွင့်ပြုချက် မရှိဘဲ ရှေးဟောင်းဇုန်ထဲမှာ တူးဆွ ရှာဖွေခြင်းပြုလုပ်ရင် ထောင်ဒဏ် ၂ နှစ်နဲ့ ငွေဒဏ် ၁၀ သိန်း စသဖြင့် သတ်မှတ်ထားတယ်လို့ ဆိုပါ တယ်။

လွှတ်တော်က အတည်ပြုပြီးတဲ့ အဲဒီဥပဒေကို ပြည်နယ်အစိုးရက နည်းဥပဒေ ထပ်မံရေးဆွဲပြီးမှ သက်ဝင်မှု ရှိမှာဖြစ်ပြီး အဲဒီနောက်မှ ပြည်သူတွေ သိရှိအောင် ဖြန့်ဝေသွားမယ်လို့ ဆိုပါတယ်။

သြဂုတ် ၂၆ ရက်နေ့က ကျင်းပတဲ့ လွှတ်တော်အစည်းအဝေမှာ ရခိုင်ပြည်နယ်ထဲက ဖြေရှင်းဖို့ ကျန်ရှိနေသေးတဲ့ မြေသိမ်းပြဿနာတွေ အမြန်ဆုံး ဖြေရှင်းဖို့လည်း ဆုံးဖြတ်ခဲ့ကြတယ်လို့ ဦးအောင်မြတ်ကျော်က ဆက်ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ မြေသိမ်းဆည်းခံရတဲ့ အမှုပေါင်း ၂၀၀၀ ကျော်ရှိတဲ့ထဲက အမှုပေါင်း ၁၀၀ ကျော်လောက်ပဲ အစိုးရက ဖြေရှင်းပေးခဲ့ကြောင်း၊ အဲဒီပြဿနာဖြေရှင်းဖို့ မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးအောင်ဝင်းက အဆိုတင်သွင်းပြီး အခြားလွှတ်တော်အမတ် ၅ ဦးကို ထောက်ခံ ဆွေးနွေးသွားတယ်လို့ ဦးအောင်မြတ်ကျော်က ပြောပါတယ်။

ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးကို သြဂုတ် ၁၃ ရက်နေ့ကနေ စက်တင်ဘာ ၅ နေ့ထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

No comments: