Wednesday, August 6, 2014

ထရန်ထဖော်မာဝန်းအတွင်း ဝင်၍ ဓာတ်ကြိုးကိုင်ကာ အမျိုးသားတစ်ဦးသေဆုံး

ခင်မြတ်မြတ်ဝေ

သာကေတမြို့နယ်၊ ၂ တောင်ရပ်ကွက်တွင် ခြုံစည်းရိုးခတထားသည့် ထရန်စဖော်မာဝန်းအတွင်းသို့ ဝင်ရောက်ကာ ကာဗာလွတ်နေသည့် ဓာတ်ကြိုးနှစ်ကြိုးကို ကိုင်လျက် သြဂုတ်လ ၅ ရက် နံနက် ၇ နာရီ ၄၅ မိနစ်က အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်ဟု သာကေတမြို့နယ် ဒုတိယစခန်းမှူးက မဇ္ဈိမကို ပြောသည်။

သေဆုံးသူမှာ သာကေတမြို့နယ်၊၂တောင်ရပ်ကွက်၊ စည်ပင်အိမ်ယာဝင်းနေ ဆိုက်ကားနင်းသည့် ဦးဇာနည်မောင်ဆိုသူဖြစ်သည်။

မျက်မြင်တွေ့သူတစ်ဦးက "ကျွန်တော်ဆိုင်မှာ လက်ဖက်ရည်သောက်တာ ၇နာရီခွဲလောက်။ အခုဖြစ်တာနဲ့ ၁ဝမိနစ်လောက်ပဲ ခြားတယ်။ သူ့ဘာသာ ထရန်စဖော်မာဝန်းထဲ ဖြုတ်ဝင်ပြီး ဓာတ်ကြိုးကိုင်လိုက်ပြီး အခုလို ဖြစ်သွားတာပါပဲ"ဟု မဇ္ဈိမကို ပြောသည်။

သေဆုံးသူနှင့် ပတ်သက်၍ ၂တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ရီက "စိတ်ရောဂါဆေးရုံကို ရောက်တာ(၂)ကြိမ်ရှိပြီ။ အခုလက်ရှိသူ့ဇနီးက ၅ယောက်မြောက်ကလေးကို မွေးနေတယ်"ဟု မဇ္ဈိမကို ပြောသည်။

ယင်းသို့ သေဆုံးခဲ့၍ သာကေတမြို့နယ် ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၂ဝဖြင့် အမှုဖွင့်ထားသည်။

ဇွန်လ ၁၁ရက်ကလည်း ဒလမြို့နယ်၊ သင်္ဘောကျင်းအတွင်းတွင် သင်္ဘောကျင်းအလုပ်သမားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ပြီး ယင်းနေ့ တစ်နေ့တည်း၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း သေမှုသေခင်း ဖြစ်စဉ်ပေါင်း ၇ မှု ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေလ ၂ဝရက်က လှိုင်သာယာမြို့နယ်အတွင်း၌ ဓာတ်လိုက်မှုကြောင့် လူသုံးဦးသေ ဆုံးခဲ့ပြီး မေလအတွင်း၌ ဓာတ်လိုက်မှုကြောင့်လူ ၇ ဦးထက်မနည်းသေဆုံးခဲ့သည်။

No comments: