Wednesday, August 6, 2014

ချေးငွေပြန်မဆပ်နိုင်တဲ့ လယ်သမားတွေကို အရေးယူမယ်

ABC

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ​၂၀၁၃ခုနှစ် ​မိုးစပါးနဲ့ ​ဆောင်းစပါး ​စိုက်ပျိုး ​စရိတ် ​ချေးငွေတွေကို ​ချေးယူပြီး ​ပြန်မဆပ် ​နိုင်သေးတဲ့ ​ဧရာဝတီ ​တိုင်းဒေသကြီး ​အတွင်းက ​တောင်သူ ​လယ်သမားတွေကို ​သြဂုတ်လ ​ကနေ ​စတင် ​အရေးယူဖို့ ​တိုင်းဒေသကြီး ​၀န်ကြီးချုပ်က ​ညွှန်ကြား ​ထားပြီ ​ဖြစ်တယ်လို့ ​သိရပါတယ်။

ဝန်ကြီးချုပ်ရဲ့ ​ညွှန်ကြား ​ချက်အရ ​စိုက်ပျိုး ​စ ​ရိတ် ​ချေး ​ငွေ ​ပြန် ​မဆပ် ​တဲ့ ​တောင်သူ ​တွေကို ​သြဂုတ်လမှာ ​စပြီး ​ဥပဒေနဲ့အညီ ​တရားစွဲ ​ဆိုသွားမှာ ​ဖြစ်ပေမယ့် ​၂၀၁၄ ​ခုနှစ် ​မိုးစပါး ​ချေးငွေကိုတော့ ​စက်တင်ဘာလ ​အထိ ​ထုတ်ချေးပေး ​သွားမှာ ​ဖြစ်တယ်လို့ ​ဧရာဝတီတိုင်း ​ဒေသကြီး ​မြန်မာ့လယ်ယာ ​ဖွံ့ဖြိုးရေး ​ဘဏ် ​မန်နေဂျာ ​ဦးခင်မောင်လွင်က ​ပြောပါတယ်။

ဧရာဝတီတိုင်း ​ဒေသကြီး ​အတွင်းက ​တောင်သူတွေဟာ ​မြန်မာ့ ​လယ်ယာ ​ဖွံ့ဖြိုးရေး ​ဘဏ်ကို ​ဆပ်ဖို့ ​၂၀၁၂ခုနှစ်မှာ ​မိုးစပါးအတွက် ​၁၁၉ ​ဒသမ ​၃၅ ​သိန်း ​ကျပ် ​ကြွေးကျန်နေပြီး ​ဆောင်းစပါး ​အတွက် ​၈၄၃ ​ဒသမ ​၅၃ ​သိန်းကျပ် ​၊ ​၂၀၁၃ခုနှစ်မှာတော့ ​မိုးစပါးအတွက် ​၂၄ ​ဒသမ ​၄၄ ​ဘီလျံကျပ်၊ ​ဆောင်းစပါးအတွက် ​၅၇ ​ဒသမ ​၉၂ ​ဘီလျံ ​ကျန်နေသေး ​တယ်လို့ ​ဆိုပါတယ်။

စိုက်စရိတ် ​ချေးငွေ ​ပြန်ဆပ်ဖို့ ​ကျန်နေတဲ့ ​မြို့နယ်တချို့ကတော့ ​မအူပင် ​၊ ​ပန်းတနော် ​၊ ​လပွတ္တာ ​၊ ​မော်ကျွန်းနဲ့ ​ဘိုကလေးမြို့နယ်တွေ ​ဖြစ်တယ်လို့ ​ဧရာဝတီတိုင်းက ​မြန်မာ့လယ်ယာ ​စိုက်ပျိုးရေးဘဏ် ​ရဲ့ ​မှတ်တမ်းမှာ ​ဖော်ပြထားပါတယ်။

တောင်သူတွေအနေနဲ့ကတော့ ​စိုက်ပျိုး ​စရိတ်ချေးငွေဟာ ​လုံလောက်ပေမယ့် ​စိုက်ပျိုးရေး ​လုပ်ငန်း ​ဟာ ​နေ့စဉ်ပုံမှန် ​၀င်ငွေမရှိတဲ့အတွက် ​စားဝတ်နေရေးအတွက် ​ငွေကိုလိုတဲ့အချိန် ​သုံးမိသလို ​ပုဂ္ဂလိက ​လုပ်ငန်းရှင်တွေဆီက ​အတိုးများများနဲ့ ​ချေးငွေထပ်ချေးရတာကြောင့် ​အတိုးပေါ် ​အတိုးဆင့်ပြီး ​စိုက်ပျိုးဘဏ်ရဲ့ ​အကြွေးကို ​မဆပ်နိုင်တာဖြစ်တယ်လို့ ​ပုသိမ်မြို့နယ်အတွင်းက ​ကြက်ပေါင်ရွာက ​လယ် ​(၁၁) ​ဧက ​လုပ်ကိုင်သူ ​ဒေါ်မြင့်မြင့်ကြူက ​ပြောပါတယ်။

၂၀၁၃ ​ဘဏ္ဍာရေးနှစ်မှာ ​ဧရာဝတီတိုင်းဒေသကြီးက ​မြို့နယ်ပေါင်း ​(၂၆) ​မြို့နယ်မှာရှိတဲ့ ​ကျေးရွာအုပ်စု ​(၁၉၂၉) ​က ​မြေဧက ​(၂၄၃၅ ​ဒသမ ​၆၃၃)ကို ​စိုက်ပျိုးစရိတ် ​ချေးငွေ ​ထုတ်ချေးပေးခဲ့ ​တယ်လို့ ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

No comments: