Mizzima
အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် လှိုင်သာယာ မြို့နယ်တွင် ဖြစ်ပွားခဲ့သော လူသတ်မှု ဗီဒီယိုဖိုင်ကို ကူးယူဖော်ပြခြင်းများ မပြုလုပ်ရန်နှင့် ထိုအမှုကို ရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံး လူမှုကွန်ရက် စာမျက်နှာမှတဆင့် သြဂုတ် ၄ ရက်တွင် မေတ္တာရပ်ခံချက် ထုတ်ပြန်လိုက်သည်။
အဆိုပါ လူသတ်မှု ဗီဒီယိုဖိုင်မှာ ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းက စတင်ကာ အင်တာနက်ဝဘ်ဆိုဒ်များနှင့် လူမှုကွန်ယက်ဝဘ်ဆိုဒ် ဖေ့စ်ဘွတ် များတွင် ပျံ့နှံ့ခဲ့ခြင်းဖြစ်ကာ ယင်းဗီဒီယိုဖိုင်သည် အခင်းဖြစ်ပွားသည့် လဘ္ဘက်ရည်ဆိုင်ရှိ CCTV မှတ်တမ်းဖိုင် ဖြစ်သည်။
ယင်းကဲ့သို့ မှတ်တမ်းများကို ကူးယူ ဖော်ပြခြင်းသည် ကြည့်ရှုသည့်ပြည်သူများ စိတ်ထိခိုက် အနှောင့် အယှက် ဖြစ်စေနိုင်ကာ မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားနိုင်သည့် အတွက်ကြောင့်= အလားတူဗီဒီယိုဖိုင်များကို ထပ်မံ၍ဖော်ပြခြင်း မပြုရန် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က မေတ္တာရပ်ခံထားခြင်းဖြစ်သည်။
အဆိုပါဗီဒီယိုဖိုင်မှာ လှိုင်သာယာမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းရှိ လဘ္ဘက်ရည်ဆိုင်တွင် ဇွန်လ ၉ ရက်၊ ည ၁ဝ နာရီခွဲခန့်ကဖြစ်ပွားခဲ့သည့် လူသတ်မှုဖြစ်စဉ်ကို ရှင်းလင်းပြတ်သားစွာဖော်ပြထားပြီး အချိန်တစ်နာရီ ခန့်ကြာမြင့်သည်။
အဆိုပါဖြစ်စဉ်ကို အွန်လိုင်းပေါ်တွင် ကြည့်ရှုခဲ့သည့် အသက် ၂၃ နှစ်ဝန်းကျင် အမျိုးသမီးတစ်ဦးက “ အဲဒီ ဗီဒီယိုဖိုင်ကို ကြည့်ပြီး တော်တော်ကြောက်မိတယ်။ တစ်နေကုန်တောင် အလုပ် မလုပ်နိုင်ပါဘူး။"ဟု ဆိုသည်။
အဆိုပါဖြစ်စဉ်တွင် အမျိုးသားတစ်ဦးမှာဓားထိုးခံ၍ သေဆုံးသွားပြီး အမျိုးသား နှစ်ဦးတွင် ဒဏ်ရာများရရှိခဲ့ကာ ကျူးလွန်သူများဖြစ်ကြသည့် အသက် ၁၈ နှစ်အရွယ် အမျိုးသားနှစ် ဦး၊ အသက် ၂၄ နှစ်၊ ၁၃ နှစ် နှင့် ၁၇ နှစ်အရွယ်အမျိုးသား တစ်ဦးစီ၊ စုစုပေါင်း ငါး ဦးကို ညတွင်းချင်း ဖမ်းမိခဲ့သည်ဟု ဇွန်လ ၁ဝ ရက်တွင် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ခဲ့သည်။
ထို့နောက်စစ်ဆေးပေါ်ပေါက်ချက်များ အရ မြောက်ပိုင်းခရိုင်ဥပဒေအကြံပြုချက်နှင့် အညီ ပြစ်မှု ပုဒ်မ ၃ဝ၂/၃၂၃/၁၁၄ ဖြင့် ကျူးလွန်သူများအနက်သုံးဦးကို မြောက်ပိုင်းခရိုင် တရားရုံးနှင့် အသက် ၁၈ နှစ်မပြည့် သေးသူနှစ်ဦးကို လှိုင်သာယာမြို့နယ် တရားရုံးသို့ ဇူလိုင်လ ၁၈ ရက် ကတရားစွဲဆိုတင် ပို့ခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
No comments:
Post a Comment