Friday, August 1, 2014

မရှင်းလင်းသည့် လွှတ်တော်ငွေပေးမှု ယူ၊ မယူ အမတ်များ အကျပ်ရိုက်

ဝင်းကိုကိုလတ်

လွှတ်တော်အစည်းအဝေး ရပ်နားချိန်တွင် မဲဆန္ဒနယ်မြေအသီးသီးသို့ လွှတ်တော်ရေးရာကိစ္စရပ်များ ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်အမတ်တစ်ဦးလျှင် ကျပ်လေးသိန်းထက်ပိုသော ကြိုတင်ငွေကို ထုတ်ပေးမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇူလိုင် ၃၀ ရက်စွဲဖြင့် လက်မှတ်ရေးထိုး ထုတ်ပြထားသည်။

ကြိုတင်ငွေကျပ်လေးသိန်းကို ပြည်သူ့လွှတ်တော်အမတ်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေအ ခန်း(၃)၊ ပုဒ်မ (၆၊ ၇၊ ၈၊ ၉၊ ၁၀)ပါ ပြဋ္ဌာန်းချက်များနှင့် အညီ နေ့တွက်စရိတ်၊ ခရီးစရိတ်၊ အခြား အသုံးစရိတ်များနှင့် အခြားလွှတ်တော်ရေးရာကိစ္စရပ်များ ကုန်ကျစရိတ်အတွက်ဖြစ်ပြီး ဇူလိုင်လ ၃၁ ရက်တွင် ပြည်သူ့လွှတ်တော်ရုံး၌ ထုတ်ပေးမည်ဖြစ်ပါသဖြင့် ထုတ်ယူလိုသော ကိုယ်စားလှယ်များထုတ်ယူနိုင်ရန် လည်းကိုယ်စားလှယ်များအား အသိပေးထားသည်။

အထက်ပါငွေလေးသိန်းကို လွှတ်တော်မှ အမတ်များအား ထောက်ပံ့ပေးခြင်းလား၊ ခေတ္တစိုက်ထုတ်ခြင်းဖြစ် သည်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်းရေးသားမထားပေ။ရေဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဦးက အမတ်များထဲတွင် တတ်နိုင်သည့်အမတ်များ ရှိသကဲ့သို့ မတတ်နိုင်သည့် အမတ်များလည်း ရှိသည့်အတွက် ယခုကဲ့သို့လွှတ်တော်၏ ထောက်ပံ့ပေးမှုကို ကြိုဆိုသည်ဟု ပြောသည်။

၎င်းက“ကိုယ်တို့လိုနယ်တွေဆို ပိုဆိုးတယ်။ ကုန်းတစ်တန်၊ ရေတစ်တန်၊ လေတစ်တန်သွားရတာ။ ကုန်ကျ စရိတ်ကတော့ရှိတာပေါ့၊ အိတ်ထဲက စိုက်လုပ်ရမယ်ဆို ဘယ်တတ်နိုင်ပါ့မလဲ”ဟု ဆိုသည်။

“အဲဒါမှလည်း အင်တိုက်အားတိုက် စိတ်ပါလက်ပါ လုပ်ချိန်ရမှာပေါ့၊ တချို့ကျတော့လည်း သွားသာသွားရမှာ၊ လုပ်သာလုပ်ရမှာ စရိတ်ကမတတ်နိုင်ဘူးလေ”ဟု ဖြည့်စွက်ပြောသည်။

အင်န်အယ်လ်ဒီပါတီ၊ ဥတ္တရသီရိပြည် သူ့လွှတ်တော်အမတ် ဦးမင်းသူက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ညွှန်ကြားချက်အရ ငွေလေးသိန်းသည် ထောက်ပံ့ပေးခြင်းလား၊ ခေတ္တစိုက်ထုတ်ပေးခြင်းလား ရှင်းရှင်းလင်း မသိရသေးသော်လည်း ပြည်သူ့လွှတ်တော်ရှိ အင်န်အယ်လ်ဒီအမတ် ၄၀ ဦးသည် ယင်းကြိုတင်ငွေကို ထုတ်ယူခြင်း မပြုရန် ယေဘုယျဆုံးဖြတ်ထားသည်ဟု ပြောသည်။

အင်န်အယ်လ်ဒီ၊ ထန်းတပင်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးစိန်ထွန်းက “တိုင်းပြည်က ဆင်းရဲနေချိန်မှာ အခုလို ကြိုတင်ငွေလေးသိန်းယူဖို့က စဉ်းစားရပါမယ်”ဟု ဆိုသည်။ အဆိုပါကြိုတင်ငွေ လေးသိန်းထုတ်ပေးခြင်းကို ပြည်သူ့လွှတ်တော်တွင်သာ ထုတ်ပြန်ထားခြင်းဖြစ်ပြီး အမျိုးသားလွှတ်တော်အမတ်များအတွက်မူ ထုတ်ပြန်မထားသေးကြောင်း အမျိုးသားလွှတ်တော် တာဝန်ရှိသူတစ်ဦးက ပြောသည်။

အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က “ကျွန်တော်တို့ အမျိုးသားလွှတ်တော်မှာတော့ ဘာမှမကြားဘူး၊ ဘာပဲလုပ်လုပ်ပါ၊ ဘဏ္ဍာရေးစည်းမျဉ်းနဲ့အညီတော့ ဖြစ်စေချင်ပါတယ်”ဟု ပြောသည်။

No comments: