စ ချိုကိုကို၊ နန်းလွင်နှင်းပွင့်
အူရီဒူးဆင်းကတ်ဒ်များသည် မြန်မာနိုင်ငံအတွင်း ငှားရမ်းသုံးစွဲနေသည့် ဆင်းကတ်ဒ်များကဲ့သို့ ပိုင်ဆိုင်မှု စာချုပ် မလိုအပ်ဘဲ မှတ်ပုံတင်မိတ္တူတစ်စောင် နှင့်ပတ်စပို့ ပုံတစ်ပုံဖြင့် ဝယ်ယူနိုင်ပြီး စာချုပ်များပြုလုပ်ရန် မလိုဟု ကုမ္ပဏီ၏ အရောင်းကိုယ်စားလှယ် ဒါရိုက်တာ ဦးမြင့်ဇော်က မဇ္ဈိမကိုပြောသည်။
သြဂုတ်လ၂ ရက်တွင် ကုမ္ပဏီမှ တရားဝင် အရောင်းကောင်တာ စဖွင့်သည့် ကာလတွင် ဝယ်ယူသုံးစွဲသည့် ဆင်းကတ်ဒ်များ၌ သြဂုတ်လ ၁၄ ရက်အထိ အခမဲ့ ဖုန်းခေါ်ဆိုခြင်းနှင့် အခမဲ့ အင်တာနက် သုံးစွဲရန် ပါရှိသည်။
ထိုအခမဲ့ ပရိုမိုးရှင်းစနစ်မှာ အော်ရီဒူး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းအား အစမ်းသုံးခွင့် ပြုသည့် ကာလဖြစ်ပြီး သြဂုတ်လ ၁၅ ရက် (သြဂုတ်လ ၁၄ ရက် ည ၁၂ နာရီ နောက်ပိုင်း )တွင် ပရိုမိုးရှင်းလိုင်းအား ပိတ်ကာ ငွေဖြည့်ကဒ်ဖြင့် သုံးစွဲရမည့် လိုင်းသို့ ပြောင်းလဲ တပ်ဆင်လိုက်မည်ဖြစ်သည်ဟု ဦးမြင့်ဇော်က ပြောသည်။
“လိုင်းပြောင်းလိုက်တာနဲ့ငွေဖြည့်ကဒ်နဲ့ စသုံးရမယ်၊ ဒါပေမယ့် လက်ဆောင်အဖြစ် ၁၅ဝဝ ဖိုးအခမဲ့ ထပ်ပြီးပေးမယ်၊ သြဂုတ် ၁၅ ရက်မှ စဝယ်တဲ့သူတွေက အခမဲ့ ၁၅ဝဝ ကို တစ်ခါတည်းရမယ်၊ ပရိုမိုးရှင်းကာလက ဆင်းကတ်ပိုင်ရှင်တွေကတော့ အခမဲ့ ၁၅ဝဝ ကို တစ်လ ၅ဝဝ ကျပ်စီ ရမယ်"ဟု ပြောသည်။
ငွေဖြည့်ကဒ်များ စတင်ရောင်းချပါက Prepaid Card ( ကြိုတင်ငွေဖြည့်ကဒ်) များအား ကျပ် ၁ဝဝဝ မှ ကျပ် ၅ဝဝဝဝ အထိ ကဒ်များအား ဝယ်ယူနိုင်မည်ဟု ဦးမြင့်ဇော်က ပြောသည်။
ထို့နောက် အချိန်မရွေးဝယ်ယူနိုင်သည့် စတိုးဆိုင်များ (Convenience Store - ၂၄ နာရီဖွင့်သည့် စတိုးဆိုင်များ ) တွင် E Top-up card များ (စတိုးဆိုင်၏ ငွေရှင်းကောင်တာတွင် မိမိဖြည့်လိုသည့် ငွေပမာဏဖြင့် ငွေဖြည့်သည့် စနစ်) ဖြင့် ငွေဖြည့်နိုင်ရန် အကောင်အထည်ဖော် သွားမည်ဟု ဆိုသည်။
လတ်တလောတွင် အော်ရီဒူးဆင်းကဒ်များမှာ နေပြည်တော်၊ မန္တလေးတိုင်း နှင့် ရန်ကုန်တိုင်းဒေသကြီးတွင် ဖုန်းလိုင်းများ ချိတ်ဆက်ထားပြီး ထိုဧရိယာအတွင်း ဖုန်းခေါ်ဆိုနိုင်ပြီဖြစ်သော်လည်း ရန်ကုန်တိုင်းဒေသကြီးတွင် ဖုန်းခေါ်ဆိုမရနိုင်သည့် နေရာများလည်းရှိနေသေးသည်ဟု သိရသည်။
ဖုန်းခေါ်ဆိုမရသည့် နေရာများအား ဖုန်းခေါ်ဆိုနိုင်ရန် အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ပြီး ၂ဝ၁၄ နှစ်ကုန်တွင် မြန်မာနိုင်ငံရှိ ၆၈ မြို့တွင် ဆင်းကတ်ဒ်အား သုံးစွဲနိုင်ရန် အကောင်အထည်ဖော်သွားမည်ဟု ဦးမြင့်ဇော်က ပြောသည်။
No comments:
Post a Comment