ကျော်စိုးမိုး
မိကျောင်းကန် သပိတ်စခန်း ခေါင်းဆောင် ဦးစိန်သန်းကို တရားစွဲဆိုထားသည့် အမှုကို အာမခံရရန်အတွက် ဗဟန်းမြို့နယ် တရားရုံးက သိန်း ၆၀၀၊ ကျောက်တံတား မြို့နယ်တရားရုံးက သိန်း ၃၀၀ စုစုပေါင်း သိန်း ၉၀၀ တောင်းဆိုလိုက်သည်။
သြဂုတ် ၁၄ ရက်တွင် ဦးစိန်သန်းကို ကျောက်တံတားမြို့နယ် တရားရုံး၌ ရုံးထုတ်လာစဉ် မိကျောင်းကန် သပိတ်စခန်းမှ ဆန္ဒပြပြည်သူ ၂၀ ၀န်းကျင်ခန့်က ဦးစိန်သန်း လွတ်မြောက်ရေးနှင့် သိမ်းဆည်းခံမြေများ ပြန်လည် ရရှိရေးအတွက် ကြွေးကြော် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
ဦးစိန်သန်း၏ သမီးဖြစ်သူ မနေနွယ်သန်းက “မြေသိမ်းခံရလို့ သပိတ်စခန်းဖွင့် ဆန္ဒဖော်ထုတ်တဲ့ သူတွေဆီကနေ အာမခံကြေး သိန်း ၉၀၀ တောင်းတယ်ဆိုတာက မဖြစ်နိုင်တဲ့ တောင်းဆိုမှုပါပဲ။ ဒီတော့ ညီမတို့အနေနဲ့ အာမခံမယူဘဲ ဆက်လက်တရား ရင်ဆိုင်သွားမှာပါ” ဟု ပြောသည်။
ဦးစိန်သန်းသည် ဇူလိုင် ၃၁ ရက်က UN ရုံးသို့ မိကျောင်းကန်သပိတ်စခန်းမှ ပြည်သူများ၏ မြေပိုင်ဆိုင်မှု အထောက်အထားများ၊ သပိတ်စခန်းကို အကြမ်းဖက် ဖြိုဖျက်ခဲ့သည့် ဓာတ်ပုံမှတ်တမ်းများ သွားရောက်ပို့ဆောင်စဉ် ကန်တော်ကြီး မျှော်စင်ကျွန်းအနီးတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ထိုသို့ ဖမ်းဆီးခံရချိန်တွင် ဦးစိန်သန်းယူသွားသည့် သက်သေ အထောက်အထားများနှင့်အတူ နိုင်ငံတော် သမ္မတ၊ လွှတ်တော်နာယကနှင့် ကာကွယ်ရေးဦးစီးချုပ်ထံသို့ တင်ပို့မည့် အိတ်ပိတ်စာများလည်း ပါရှိသွားသဖြင့် အဆိုပါ သက်သေအထောက်အထားများ ပြန်လည်ရရှိရေးအတွက် သက်ဆိုင်ရာမှ တာဝန်ရှိသူများ ဆောင်ရွက်ပေးစေလိုသည်ဟု မနေနွယ်သန်းက ဆိုသည်။
ဦးစိန်သန်းကို ဗဟန်း၊ ပန်းဘဲတန်း၊ ကျောက်တံတားနှင့် လသာမြို့နယ်များတွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခြင်း ခံထားရပြီး လသာမြို့နယ်တွင် စည်ပင်ပုဒ်မ ၆၈ ဖြင့်လည်း ထပ်မံတရားစွဲဆိုခြင်း ခံထားရသည်။
မိကျောင်းကန် သပိတ်စခန်းတွင် လက်ရှိအချိန်၌ လူအင်အား ၁၅၀ ၀န်းကျင်ခန့်သာ ကျန်ရှိနေပြီး စားဝတ်နေရေးအတွက် ဈေးများတွင် လိုက်လံအလှူခံနေကာ အချို့သက်ကြီးဘိုးဘွားများမှာ ရာသီဥတုဒဏ်ကြောင့် နေထိုင်မကောင်းသဖြင့် နေအိမ်သို့ ပြန်ပို့ထားခြင်းများရှိသည်ဟု သပိတ်စခန်းမှ ဆန္ဒပြပြည်သူတစ်ဦးဖြစ်သည့် ဒေါ်စောစန္ဒာက ပြောသည်။
မိကျောင်းကန် ဆန္ဒပြ ပြည်သူများသည် ၂၀၁၃၊ နိုဝင်ဘာလ ၂ ရက်မှ ၁၁ ရက် အထိ မြို့တော်ခန်းမရှေ့တွင် တစ်ကြိမ်၊ နိုဝင်ဘာလ ၂၆ မှ ဒီဇင်ဘာလ ၁၂ ရက်အထိ တစ်ကြိမ် သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်ခဲ့ပြီး ယခုနှစ် မတ်လအတွင်းမှ စတင်၍ မဟာဗန္ဓုလပန်းခြံအနီးတွင် သပိတ်စခန်း ဖွင့်ထားသည်မှာ ၁၄၄ ရက်ရှိနေပြီဖြစ်ကာ လမ်းလျှောက် ဆန္ဒဖော်ထုတ်မှုမှာလည်း ခုနစ်ကြိမ်ခန့် ရှိနေပြီ ဖြစ်သည်။
No comments:
Post a Comment