Wednesday, August 27, 2014

အိမ်ငှားခ ထိန်းချုပ်ရန် ရန်ကုန်လွှတ်တော် ဆွေးနွေးမည်

မင်းဟိန်းထက်

ရန်ကုန်မြို့အတွင်း ဈေးနှုန်းမြင့်မားနေသည့် အိမ်ငှားခဈေးနှုန်းများကို သက်သာစေရေး တိုင်းအစိုးရ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊မရှိကိစ္စကို သြဂုတ် ၂၇ ရက်တွင် ဆွေးနွေးမည်ဟု ရန်ကုန်တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ပြောသည်။

သြဂုတ် ၂၅ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးတွင် အိမ်ငှားခမြင့်မားမှုကြောင့် အိမ်ရာမဲ့ပြည်သူများ စားဝတ်နေရေးအခက်အခဲဖြစ်နေ၍ ရန်ကုန်တိုင်းအစိုးရအဖွဲ့က သင့်လျော်သည့် အိမ်ငှားခနှုန်းထားများဖြစ်ပေါ်စေရေး စီစဉ်ဆောင်ရွက်ပေးပါရန် ရန်ကင်းအမတ် ဦးသောင်းကျော်၏ အဆိုတင်သွင်းမှုအပြီး ပြောခြင်းဖြစ်သည်။

ရန်ကုန်မြို့ရှိ အိမ်ခန်းခများမှာ တစ်နှစ်ထက် တစ်နှစ်ဈေးနှုန်းကြီးမြင့်လာသောကြောင့် အချို့မှာ ငွေကြေးမတတ်နိုင်သည့်အတွက် ငှားရမ်းနေထိုင်ခြင်းမရှိတော့ဘဲ မြေကွက်လပ်များတွင် ကျူးကျော်နေထိုင်မှုများ ဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်းနှင့် အိမ်ငှားခဈေးကြီးမှုကြောင့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ရန်ကင်းမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်အမတ် ဦးသောင်းကျော်က ဆိုသည်။

အဆိုကို ရန်ကုန်လွှတ်တော်အမတ်တို့က ကန့်ကွက်သူ မရှိထောက်ခံခဲ့ကြသည်။လက်ရှိအချိန်တွင် ရန်ကုန်မြို့အတွင်းရှိ ပုဇွန်တောင်၊ လသာ၊ လမ်းမတော်၊ စမ်းချောင်း၊ ကမာရွတ်မြို့နယ်များတွင် အိမ်ငှားခအနိမ့်ဆုံးဈေးနှုန်းမှာ တစ်လလျှင် ငွေကျပ်တစ်သိန်းခွဲဝန်းကျင်မှ ငွေကျပ်သုံးသိန်းဝန်းကျင်ထိရှိသည်ဟု အိမ်ခြံမြေအကျိုးဆောင်တို့က ပြောသည်။

ထို့ပြင်ဒဂုံဆိပ်ကမ်း မြောက်ဒဂုံမြို့နယ်များရှိ ဆင်ခြေဖုံးရပ်ကွက်များတွင်ပင် တစ်လလျှင်ငွေကျပ် ခုနစ်သောင်းဝန်းကျင်ရှိနေသည်ကို အကျိုးဆောင်အချို့က ပြောကြားသည်။

“ခြောက်လဆိုရင် အိမ်ရှင်တွေက လက်မခံတာများတယ်။ ပွဲစားတွေက ပွဲခအရနည်းတော့ နှစ်ချုပ်သမားကိုပဲ ရှာပေးတာများတယ်”ဟု ကြည့်မြင်တိုင်မြို့နယ်မှ အိမ်ပွဲစားကိုနိုင်ကပြောသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်းမကောက်ခံမီ ထုတ်ပြန်ထားသည့် စာရင်းများအရ ရန်ကုန်မြို့တွင်လူဦးရေ ခြောက်သန်းကျော်နေ ထိုင်နေသည်ဟု ဆိုသည်။

No comments: