Wednesday, August 27, 2014

ရန်ကုန်မြို့ ဓာတ်ကြိုးများ လဲရန် ဘတ်ဂျက်မလုံလောက်

မင်းဟိန်းထက်

ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်ကြိုးများ ပြတ်ကျမှုကြောင့် ပြည်သူများ အသက်ဆုံးရှုံးနေမှုကို ကာကွယ်ရန် အရည်အသွေးကောင်းမွန်သော ဓာတ်ကြိုးများဖြင့် အစားထိုး သွယ်တန်းလိုသော်လည်း နိုင်ငံတော်မှ ခွင့်ပြုပေးသည့် ရန်ပုံငွေပမာဏ လုံလောက်မှုမရှိ၍ အခက်ကြုံနေရသည်ဟု ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဉဏ်ထွန်းဦးက ပြောသည်။

ကာလကြာရှည်စွာ အသုံးပြုထားသည့် ဓာတ်ကြိုးအဟောင်းများကို အရည်အသွေးကောင်းမွန်သည့် ဓာတ်ကြိုးများဖြင့် အစားထိုးရန်နှင့် အန္တရာယ်ကင်းသည့် မြေအောက်ဓာတ်ကြိုးလိုင်းများ ပြုလုပ်ရန် သြဂုတ် ၂၅ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ကြည့်မြင်တိုင် အမတ် ဒေါ်ကြည်ကြည်မာက တင်သွင်းသည့် အဆိုကို ဆွေးနွေးစဉ် ၀န်ကြီးက ယင်းသို့ ဆိုသည်။

“ဒီနေ့အချိန်မှာ အရည်အသွေးကောင်းတာတွေနဲ့ ပြောင်းလဲလုပ်ဖို့ လိုတာသိပေမယ့် ဘဏ္ဍာငွေရတဲ့အပေါ် ဆောင်ရွက်နေရတာပါ။ ဒီပစ္စည်းတွေက ဈေးနှုန်းကလည်း များပါတယ်။ လုပ်နိုင်တဲ့ အနေအထားဆို အကုန် လုပ်ပေးပါမယ်။ မလုပ်နိုင်ရင်လဲ ပြည်ထောင်စုအစိုးရကို တင်ပြပေးပါမယ်”ဟု လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဉဏ်ထွန်းဦးက ပြောသည်။

အမတ်တို့ကမူ ကောင်းကင်ဓာတ်ကြိုးလိုင်းများအစား မြေအောက်ဓာတ်ကြိုးလိုင်းများ ပြောင်းလဲအသုံးပြုရန် တိုက်တွန်းဆွေးနွေးခဲ့ကြသည်။

“ဥပမာဗျာ အထပ်မြင့်တိုက်တွေ မီးလောင်ရင် လှေကားထောင်တက်နိုင်တဲ့ မီးသတ်ကားတွေရှိတယ်။ ဒါပေမဲ့ အဲဒီမီးသတ်ကားတွေ သွားဖို့ ဓာတ်ကြိုးနဲ့ လွတ်ဘူးဖြစ်နေတယ်။ မြေအောက်ဆို ဒီလိုအခက်အခဲ မရှိနိုင်ဘူး”ဟု စမ်းချောင်းမြို့နယ် အမှတ်-၂ မဲဆန္ဒနယ်အမတ် ဦးမျိုးမင်းအောင်က ပြောသည်။

“နိုင်ငံပေါင်း ၁၀၀ ကျော်ကို လေ့လာကြည့်တာ ဓာတ်ကြိုးပြတ်ကျလို့ သေတာ တစ်ခါမှ မကြားဖူးဘူး။ ဘာလို့ဆိုတော့ ကောင်းကင်မှာ ဓာတ်ကြိုးမရှိဘူး။ မြေအောက်မှာပဲရှိတယ်။ ဒီနိုင်ငံမှာလည်း အဲလိုလုပ်သင့်တယ်”ဟု ကမာရွတ်မြို့နယ် အမှတ်-၂ မဲဆန္ဒနယ်အမတ် ဦးမြဌေးက ဆိုသည်။

မြန်မာနိုင်ငံ၏ လက်ရှိအချိန်တွင် ကောင်းကင်ဓာတ်ကြိုးလိုင်းနှင့် မြေအောက်ဓာတ်ကြိုးလိုင်း နှစ်မျိုး တစ်ပြိုင်တည်း အသုံးပြုနေခြင်းဖြစ်သည်။

ယခုလက်ရှိ မြန်မာနိုင်ငံတွင် သုံးစွဲနေသည့် အရည်အသွေးညံ့ဖျင်းသည်မှာ လက်ခံကြောင်း၊ ထိုခေတ် ထိုအခါ ထိုဈေးနှုန်းဖြင့် လုပ်ကိုင်ခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ယခုလက်ရှိသုံးစွဲနေသည့် ဓာတ်ကြိုးအမျိုးအစားများအစား အရည်အသွေး ကောင်းမွန်ပြီး သုံးစွဲရန် သင့်တော်သည့် ဓာတ်ကြိုးအမျိုးအစားသည် ယခင်ဈေးထက် သုံးဆဈေးကြီးကြောင်းနှင့် မြေအောက်လိုင်းဆွဲလျှင် ဓာတ်ကြိုးပြတ်သည့် အန္တရာယ်မှကင်းသည်ဆိုသော်လည်း ၎င်းဈေးနှုန်းသည် ယခုထက် ၁၀ ဆ မြင့်ကြောင်း လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဉဏ်ထွန်းဦးက ဆိုသည်။

No comments: