အောင်သူရထွန်း
သမ္မတ ဦးသိန်းစိန်က မီဒီယာသမားများ၏ နစ်နာမှုများကို ၎င်း၏ လုပ်ပိုင်ခွင့်ဘောင် အတွင်းမှ ဖြေလျော့ပေးမည်ဟု ပြောကြားခဲ့ကြောင်း စာနယ်ဇင်းကောင်စီ(ယာယီ)မှ တာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။
နိုင်ငံတော်သမ္မတ ဦးဆောင်၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အပါအဝင် သမ္မတရုံးဝန်ကြီးများ နှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) တို့ သြဂုတ် ၁ရက်က နေပြည်တော်ရှိ သမ္မတ၏ လယ်တောအိမ်ရာတွင် တွေ့ဆုံရာ၌ လက်ရှိဖြစ်ပေါ်နေသော မီဒီယာသမားတို့၏ အခက်အခဲ ပြဿနာများအား နိုင်ငံတော်သမ္မတက မိမိ၏ လုပ်ပိုင်ခွင့် ဘောင်အတွင်းမှ ဖြေလျော့ပြီး မျှတစွာ ဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးက “မီဒီယာသမားထဲမှာ နစ်နာတဲ့သူတွေ အားလုံးကို သူ့ရဲ့ လုပ်ပိုင်ခွင့် ဘောင်ထဲကနေတတ်နိုင်သမျှ ဒါတွေကို ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပြောတယ်” ဟု မဇ္ဈိမကို ဖြေကြားသည်။
သမ္မတလုပ်ပိုင်ခွင့် နှင့် ပတ်သက်၍ မည်သည်ကို ဆိုလိုသည်ကိုမူ ဦးဇော်သက်ထွေးက တိတိကျကျမပြောကြားခဲ့ပေ။
နိုင်ငံတော်သမ္မတ အနေဖြင့် တရားရင်ဆိုင်နေရသော သတင်းသမားများကိစ္စ၊ တရားစွဲဆိုခံရသော သတင်းသမားများ၏ ကိစ္စများကို သမ္မတ အမိန့်အာဏာဖြင့် ဝင်ရောက်စွက်ဖက်ခွင့် မရှိဘဲ ယင်းကဲ့သို့သော ကိစ္စရပ်များကို တရားရေးမဏ္ဍိုင်သာလျှင် ဆုံးဖြတ်ခွင့် ရှိသည့်အတွက် ပြည်ထောင်စုလွှတ်တော်ထံ သဝဏ်လွှာပေးပို့ထားသကဲ့သို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်း ဆောင်ရွက်ပေးမည်ဟုလည်း သမ္မတက ဆိုသည်။
မြန်မာနိုင်ငံ လူအခွင့်အရေးကိုယ်စားလှယ် မစ္စရန်ဟီလီ မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်က လူမှုအသိုက်အဝန်းနှင့် သတင်းလောကတို့၏ လှုပ်ရှားမှုများကို ဟန့်တားအရေးယူရန် တရားစီရင်ရေးစနစ်နှင့် ဥပဒေတို့ကို အသုံးပြုလျက်၊ လွတ်လပ်စွာ ဖော်ထုတ်ပြောကြားခွင့် အသင်းအဖွဲ့ ဖွဲ့စည်းခွင့်နှင့် ငြိမ်းချမ်းစွာ စည်းရုံးခွင့်တို့သည် လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲ အကြိုကာလအတွက် မရှိမဖြစ် လိုအပ်သော အရာများဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက “မီဒီယာသမားတွေ အစိုးရဝန်ကြီးဌာနတွေမှာ သတင်းယူရတာခက်ခဲ့တဲ့ ကိစ္စကိုလည်း သမ္မတကို ပြောခဲ့တယ်၊ သိလည်း သိသွားပြီ ဝန်ကြီးဌာနတွေမှာ ဒီလိုနောက် မဖြစ်အောင် ညွန်ကြားထားမယ်လို့ သမ္မတက ပြောပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံဆွေးနွေမှုများအပေါ် အချက် ၇ ချက်ပါ သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
No comments:
Post a Comment