ဖြိုး
မန္တလေးတွင် သြဂုတ် ၁၉ရက်ညက လူလေးဦးသေဆုံးခဲ့သည့် ယာဉ်တိုက်မှု၌ ယာဉ်မောင်းကို မူးယစ်ဆေးသုံးစွဲထားခြင်း ရှိ၊မရှိ ဆေးစစ်ထားကြောင်း မန္တလေးတိုင်းအမှတ်(၁၁) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိ ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ပြောသည်။
“ဖြစ်စဉ်မှာ ယာဉ်မောင်းကတော့ အရက်သောက်ထားတယ်လို့ သူ့ကိုယ်သူ ဝန်ခံတယ်၊ ဒါပေမယ့် တရားဝင်ဖြစ်အောင် အရက်နဲ့ မူးယစ်ဆေး သုံးထားလားဆိုတာကို ညတွင်းချင်း စစ်ဆေးထားပါတယ်။ မှုခင်းဆရာဝန်ကြီးဆီက အဖြေရတာနဲ့ ထုတ်ပြန်ပေးသွားမှာပါ ”ဟု အမှတ်(၁၁)ယာဉ်ထိန်းရုံး မှ တာဝန်ရှိ ယာဉ်ထိန်းတစ်ဦးက ပြောသည်။
အဆိုပါယာဉ်မောင်းသည် အသက် ၂ဝ ကျော် အရွယ်ခန့်ရှိပြီး ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ယာဉ်မောင်းကို ပြစ်မှုဆိုင်ရာပုဒ်မ ၃ဝ၄-က/၃၃၇/ ၃၃၈ တို့အရ ပေါ့ဆမှုကြောင့် လူသေဆုံးမှု၊ ပြင်းထန်ဒဏ်ရာရစေမှုနှင့် သာမာန်ဒဏ်ရာရစေမှုတို့ဖြင့် ချမ်းအေးသာစံမြို့နယ် အမှတ်(၃) ရဲစခန်းနှင့် မဟာအောင်မြေမြို့နယ် အမှတ်(၉) ရဲစခန်းတို့၌ အမှုဖွင့်အရေးယူထားသည်ဟု အမှတ်(၁၁) ယာဉ်ထိန်း ဒု-တပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။
သြဂုတ် ၁၉ ရက် ည ၇ နာရီ ဝန်းကျင်ခန့်က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၆၂ လမ်းပေါ်၌ မြောက်မှ တောင်သို့ မောင်းနှင်လာသည့် စူပါမန္တလာရွိုင်ရယ် ဝက်ဂွန်အဖြူရောင် ယာဉ်သည် ၎င်းင်းရှေ့မှ မောင်းနှင်လာသည့် ဆိုင်ကယ် ၂ စီးအား ဝင်တိုက်မိကာ မောင်းနှင်ထွက်ပြေးရာ ၆၂ လမ်း မနော်ရမ္မံဥယျာဉ် ရှေ့တွင် ရပ်ထားသော ဆိုင်ကယ် ၃စီးနှင့် မော်တော်ယာဉ်တစ်စီးကို ထပ်မံတိုက်မိကာ မောင်းနှင် ထွက်ပြေးခဲ့ပြန်သည်ဟု ယာဉ်မှုစစ်ဌာန၏ မှတ်တမ်း၌ ဖော်ပြထားည်။
ထို့ကြောင့် ၆၂လမ်းနှင့် သိပ္ပံလမ်းဆုံရှိ မီးပွိုင့်၌ တာဝန်ကျ ယာဉ်ထိန်းအရာရှိနှစ်ဦးက ထွက်ပြေးတိမ်းရှောင်သည့် ယာဉ်ကို ဖမ်းဆီးရမိခဲ့သည်ဟု အဆိုပါမှတ်တမ်းတွင် ဖော်ပြထားသည်။ ၎င်းယာဉ်တိုက်မှုကြောင့် အမျိုးသမီး နှစ်ဦးနှင့် အမျိုးသားငါးဦး ဒဏ်ရာရရှိခဲ့ရာမှ အမျိုးသားလေးဦး သေဆုံးသွားကြောင်း မန္တလေးတိုင်း အမှတ်(၁၁)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရှိရသည်။
No comments:
Post a Comment