Monday, August 25, 2014

ထိုင်းနိုင်ငံထုတ် အလှကုန် (၉) မျိုးကို သုံးစွဲရန်မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကြေညာ

ယုဝေ

ထိုင်းနိုင်ငံထုတ် အလှကုန်ပစ္စည်း(၉) မျိုးတွင် ကျန်းမာရေးအတွက် အန္တရယ်ဖြစ်စေသည့် တားမြစ်ဓာတုပစ္စည်းများ ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် မသုံးစွဲရန်ကျန်မာရေးဝန်ကြီးဌာနမှ အသိပေးကြေငြာထားသည်။

ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံပိုင်သတင်းစားများမှ တစ်ဆင့် သြဂုတ်လ ၂၂ ရက်တွင် အသိပေးကြေညာထား ခြင်းဖြစ်သည်။ ယင်းအလှကုန်များသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိဘဲ ပြည်တွင်းဈေးကွတ်တွင် ရောင်းချနေသောပစ္စည်းများဖြစ်သည်ဟု ဆိုသည်။

ယင်းတားမြစ်အလှကုန်များကို စမ်းသပ် စစ်ဆေးရာ အာဆီယံ ၁၀နိုင်ငံစလုံးက တားမြစ်ထားသည့် ဓာတုပစ္စည်းများ ပါဝင်နေပြီး ယင်းအလှကုန်များကို သုံးမိပါက အရေပြား ထိခိုက်နိုင်သည်ဟုဆေးဝါးနှင့် စားသောက်ကုန်ကွပ်ကဲရေး FDA၏ အလှကုန်ပစ္စည်း ကွပ်ကဲရေးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက် တာ သဇင်ရည်လှိုင်က ဘီဘီစီ မြန်မာသတင်းဌာနကို ဖြေကြားထားသည်။

လမ်းမတော်မြို့နယ်တွင်နေထိုင်သည့် မမို့မို့သတ်ဝေက "သက်ဆိုင်ရာကနေ အလှကုန်တွေကို စနစ်တကျ စစ်ဆေးပေးစေချင်ပါတယ်။ ပစ္စည်းတွေ ၀ယ်မယ်ဆိုရင်လည်း အလှကုန် ကျွမ်းကျင်တဲ့သူတွေရှိတဲ့ ကောင်တာတွေမှာပဲ ၀ယ်သင့်ပါတယ်။ နာမည်ရပြီးသား တံဆိပ်အလှကုန်တွေကပဲ သုံးတာ အဆင်ပြေမှာပါ။"ဟု မဇ္ဈိမကို ပြောသည်။

လက်ရှိအချိန်တွင် အလှကုန်ပစ္စည်းများနှင့်ပတ်သတ်၍ အိမ်အရောက် အရောင်းမြှင့်တင့်ရေး ပြုလုပ်ခြင်း၊ လူမှုကွန်ယက် ဝဘ်ဆိုဒ်များမှ တစ်ဆင့် ကြော်ငြာကာ ရောင်းချခြင်းများ တွင်ကျယ်လျက်ရှိသည်။

ကမာရွတ်မြို့နယ်၊ လှည်းတန်းတွင် နေထိုင်သည့် မခင်ဝါဝါဝင့်က " ကျွန်မကတော့ မိန်းကလေးတွေ အလှပြင်ပစ္စည်းဝယ်မယ်ဆိုရင် သေချာလေ့လာပြီးမှ ၀ယ်သင့်တယ်ထင်ပါတယ်။ စတိုးဆိုင်တွေမှာ ၀ယ်ရင်လည်း ဒိတ်တွေကြည့်ပြီး၊ အညွန်းတွေ သေချာဖတ်ပြီးမှ ၀ယ်သင့်တယ်။ ကျွန်မလည်းအလှကုန်တွေ ကြေ ညာထားတာတွေ့ရင် ငါလည်း အဲ့လိုလေးဖြစ်ချင်လိုက်တာဆိုပြီးဝယ်သုံးမိတားမျိုးတွေရှိပါတယ်။ "ဟုပြောသည်။

ကျန်းမာရေး ၀န်ကြီးဌာနကလည်း အန္တရာယ်ရှိကြောင်း ထားမြစ်ထားသည့် ယင်းအလှကုန်ပစ္စည်းများကိုတင်သွင်း၊ ဖြန့်ဖြူး၊ တွေ့ရှိပါက ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု ကြေညာထားသည်။

တားမြစ်ထားသော အလှကုန်ပစ္စည်း (၉)မျိုးမှာ Mellano- Cream No.1၊ Mellano- NightCream No.2.၊ Mellano- Facial Nourishing Cream No.3၊ Polla Platinum- Crystal WhiteNourishingFace Cream၊ Polla Gold- Super White Perfect Cream၊ Polla- Anti-MelasmaCream(New Night Cream)၊ Nineteen Nano 19-Whitening Nano Night Repair Cream၊Baschi- Day Cream(Whitening Cream)နှင့် Baschi- Night CreamWhitening Creamတို့ဖြစ်သည်။

No comments: