ဖြိုးဝေလင်း
အနက်ပေ ၆၀ ခန့်ရှိသည့် တူးလက်စ ရွှေအင်းဟောင်းအတွင်း ရွှေတူးဖော်နေစဉ် တွင်းပြိုကျသဖြင့် အမျိုး သားနှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု ဇူလိုင်လ ၃၀ ရက်၊ မွန်းလွဲ ၂ နာရီ ၀န်းကျင် က စဥ့်ကူးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု မန္တလေးတိုင်း ရဲတပ်မှူးရုံးက သတင်းထုတ်ပြန်ထားသည်။
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်အတွင်းရှိ မင်းပန်း တောင်ပေါ်တွင် ရွှေအင်းပိုင်ရှင် ကိုအောင်နိုင်ဝင်းနှင့် အခြားအမျိုးသား သုံးဦးသည် ရွှေအင်းဟောင်း အတွင်းသို့ဝင်၍ ရွှေတူးဖော်နေစဉ် တွင်းပြိုကျပြီး ပိတ်မိ နေခြင်း ဖြစ်သည်။
ယင်းသို့ပြိုကျခဲ့သည့် ကျင်းအတွင်း လူ လေးဦး ပိတ်မိနေသဖြင့် အနီးပတ်ဝန်းကျင်ရှိ သူများက အထက်ပါ တွင်းကို ပြန်လည် တူးဖော်ခဲ့ရာ အသက်(၄၃)နှစ်နှင့် အသက် (၂၀)အရွယ်ရှိ အမျိုးသားနှစ်ဦးမှာ အသက် ရှင်ခဲ့သော်လည်း တွင်းပိုင်ရှင်နှင့် ကျန်တစ်ဦးမှာ သေဆုံးနေခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး စဥ့်ကူးမြို့မ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၅/၂၀၁၄) ဖြင့် အမှုဖွင့် စစ်ဆေးနေသည်။
ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ် အတွင်းကလည်း သတ္တုတူးဖော်သည့် ကုမ္ပဏီတစ်ခုတွင် သတ္တုတွင်း မြေစာပုံရှိ ကျောက်ခဲများ ရွေးနေစဉ် မြေစာပုံ ပြိုကျသဖြင့် အသက်(၃၅)နှစ်အရွယ် အလုပ်သမား တစ်ဦး မြေကြီးပိ သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ထားဝယ်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်။
No comments:
Post a Comment