ဝိုင်းအောင်
မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာသို့ သြဂုတ် ၂ ရက်က မွေးမြူရေး၊ ရေလုပ်ငန်းလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် လာရောက်ကာ ရွာဦးကျောင်း ဆရာတော်ဦးဝေပုလ္လ နှင့် သစ်ရာကောက်ကျေးရွာ ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင်များ၊ ဒေသခံပြည်သူများ ငါးဆယ်ဦးခန့်ကို တွေ့ဆုံသည်။
"ဒီတတိယ အခေါက် ဝန်ကြီး ဦးအုန်းမြင့်လာရောက်တာကို ရွာသူ၊ ရွာသားများအားလုံးက ကျေနပ်ကြပါတယ်။ ဝန်ကြီးကိုယ်တိုင်က အရင်က ဖြစ်ခဲ့ရတာတွေ တောင်းပန်တဲ့သဘော ပြောပါတယ်။ ဝန်ကြီးရဲ့ အမူအရာတွေ တော်တော်ကို ပြုပြင်ပြောင်းလဲသွားတာကို တွေ့မြင်ခဲ့ရပါတယ်"ဟု ဒေသခံ ဦးသန်းထွန်းက မဇ္ဈိမကိုပြောသည်။
ဝန်ကြီး ဦးအုန်းမြင့်က ဆရာတော်ဦးဝေပုလ္လထံ ဉာဏ်တော် ခုနှစ်လက်မခန့်ရှိ ဘုရားဆင်းတုတော်များ (၃၅)ဆူ၊ ဝါဆိုသက္ကန်း နှစ်စုံ ၊ ဆိုလာမီးအသေး တစ်စုံ နှင့် အလှူငွေ ဆယ်သိန်းကျပ် လှူဒါန်းကာ သစ်ရာကောက်ကျေးရွာအတွက် သြဂုတ်လအတွင်း၌ စက်ရေတွင်း နှင့် ရွာလမ်း၂ မိုင်ခန့်ကို ကတ္တရာလမ်းခင်းပေးမည် ဟု ကတိပေးသွားသည်ဟု ရွာသားဦးသန်းထွန်းက ဆိုသည်။
ဝန်ကြီး ဦးအုန်းမြင့်က ပါးရိုက်မည်ဆိုကာ ပြဿနာစတင်ဖြစ်ပွားခဲ့သူ သစ်ရာကောက်ရွာသား ဦးနေဝင်းစိုး (မကွေးမြို့နယ်NLDပါတီ အလုပ်အမှုဆောင်)နှင့် ပြန်လည်တွေ့ဆုံခဲ့ရာ "ဝန်ကြီးက ကျွန်တော့်ကို ဖက်လဲတကင်းနဲ့ နုတ်ဆက်သွားပါတယ်၊ ယခင်ဖြစ်ခဲ့ရတဲ့ ကိစ္စက သူ့အနေနဲ့ အခြား တစ်နေရာမှာ ဒေါသဖြစ်လာလို့ ပြောဆိုမိတာ အကူအညီလိုရင် သူ့ကို တောင်းနိုင်ပါတယ် လို့ ပြောပြီး သူ့ဖုန်းနံပတ်ကို ပေးသွားတယ်ခင်ဗျ" ဟု ဦးနေဝင်းစိုးက မဇ္ဈိမကို ပြောသည်။
ဝန်ကြီးဦးအုန်းမြင့်က မကွေးတိုင်း၊ သစ်ရာကောက်ကျေးရွာမှ ရွာသားများနှင့်တွေ့ဆုံစဉ် “ဘယ်ကောင်မှ ဂရု မစိုက်ဘူး။ ကြိုက်တဲ့ကောင်ပြော၊ ရေးချင်တဲ့ကောင်ရေး ကျွန်တော်ကလည်း ပုဆိုးလှန်ပြလိုက်မယ်။ ဒီလိုမျိုး နေခဲ့တဲ့ကောင်လေ၊ သေမှာတောင် မကြောက်တဲ့ကောင်၊ ကျွန်တော်က ဘာကိုကြောက်ရမလဲ” ဟု ပြောဆိုခဲ့သည်။
ယင်းသို့ ပြောဆိုမှုကြောင့် မကျေနပ်၍ ဝန်ကြီးဦးအုန်းမြင့် နုတ်ထွက်ပေးရန် မကွေးတိုင်း၊ အောင်လံမြို့က ဆန္ဒပြခေါင်းဆောင် ကိုမြတ်ကိုအား ဇူလိုင်လ ၄ရက်က အလုပ်ကြမ်းနှင့် ထောင်ချမှတ်လိုက်ရာ သြဂုတ်လ ၁ရက်တွင် သရက်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာပြီဖြစ်သည်။
No comments:
Post a Comment