ABC
ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ် နမ့်ခမ်းမြို့နယ်မှာ မြန်မာစစ် ဗိုလ်ကြီးတစ်ဦးနဲ့ တပ်ကြပ်တစ်ဦး ဈေးကအပြန် ပစ်သတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူလဲဆိုတာကို မပြောရင် တစ်ရွာလုံးကို မီးရှို့မယ်လို့ ခြိမ်းခြောက်ထားတဲ့အတွက် ဒေသခံ ရွာသူရွာသားတွေ တရုတ်ပြည် ဘက်ကို ထွက်ပြေး တိမ်းရှောင်သွားကြတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၂၉ ရက်နေ့ မနက် မှာပိုင်းမှာ နောင်မာ့တာ ရွာမှာ မြန်မာ စစ်သားနှစ်ဦး ပစ်သတ် ခံရပြီးနောက် အဲဒီရွာက ရွာလူကြီး ငါးယောက်ကို ခေါ်ယူ စစ်ဆေးမှုတွေ အကြိမ်ကြိမ် ခံနေရ တယ်လို့ ဒေသခံ စိုင်းဆန်အိုက်က ပြောပါတယ်။
“၂၉ ရက်နေ့တုန်းက ညခေါ် တယ်။ ည ၇ နာရီ။ အဲလောက်က နေခေါ်သွားတယ် တပ်ထဲကို။ ည သန်းခေါင်ပြန်ပို့တယ်။ ပို့ပြီးတော့ မနက် ၆ နာရီ တပ်ထဲအရောက် ပြန်လာရမယ်။ မလာဘူးဆိုရင် သတ်ပစ်လိုက် မယ်ပေါ့။ တစ်ရွာလုံးမီးရှို့ပစ်လိုက်မယ်။ အဲလို သူတို့လည်း ၃၀ ရက်နေ့မနက် ၆နာရီ တပ်ထဲပြန်။ အဲ ၁၁ နာရီ ခွဲလောက် ပြန်လွှတ်တယ်၊ ထမင်းစားဖို့ အိမ်ကို။ ၁၂ နာရီအရောက် ပြန်လာရမယ်။ မနေ့က ၃၀ ရက်နေ့ ၁၂ နာရီ ပြန်ရောက်ရမယ်ဆိုပြီး ပြန်မပို့တော့ဘူး။ ည မှ ပြန်ပို့တာပေါ့။ စစ်ပြီးတော့ ပြန်ပို့တယ်။ အဲလို။ မနေ့ညကပဲ တချို့ရွာက လူတွေ ထွက်ပြေးကုန်တာ။ မနက်ကျတော့ အကုန် မိန်းမတွေရော ဟိုဖက်ကမ်းကို တရုတ်ပြည်ထဲ အကုန် ပြန်ပြေးကုန်တယ်။"
အဲဒီဖြစ်စဉ်ကြောင့်နမ့်ခမ်းမြို့နယ် အခြေစိုက် တပ်မ(၈၈)က တပ်မမှုးကိုယ်တိုင် နောင်မာ့တာရွာကို လာရောက် စစ်ဆေးခဲ့တာ ဖြစ်ပြီး ရွာလူကြီးတွေကို ကျည်ကပ်နဲ့ ရိုက်နှက်စစ်ဆေးတာ ဖြစ်လို့ မခံနိုင်တဲ့ အဆုံး သေနတ်နဲ့ ပစ်သူကို ရှာပေးပါ့မယ်လို့ နောင်မာ့တာ ဥက္ကဌက ပြောတဲ့အကြောင်း စိုင်းဆန်အိုက်က ပြောပါတယ်။
ခေါ်ယူစစ်ဆေးတာလုပ်ပေမယ့် ဖမ်းတာဆီးတာတော့ မပြုလုပ်သေးဘူးလို့သိရပါတယ်။ သေဆုံးသွားတဲ့ ဗိုလ်ကြီး ၀င်းသူရထွန်းဟာ နောင်မာ့တာစခန်းရဲ့ တပ်စခန်းမှူးဖြစ်ပြီး သူ့နေရာမှာ အရာရှိတစ်ဦး အစားထိုး ရောက်ရှိနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။
နောင်မာ့တာ ကျေးရွာဟာ အိမ်ခြေ ၁၂၇ အိမ် ၊ လူဦးရေ ၅၀၀ ကျော် ရှိတဲ့ ရွာဖြစ်တယ်လို့ သိရပါတယ်။
နမ့်ခမ်းမြို့မှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက အစိုးရ ပြည်သူ့စစ်အဖွဲ့တွေ ပစ်လိုက်တဲ့အတွက် အသက် ၂၄ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့သေးတယ်လို့ ဒေသခံတွေကပြောတဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် မေငယ်က သတင်းပေးပို့ခဲ့ပါတယ်။

No comments:
Post a Comment