Saturday, August 2, 2014

တောင်ပြုံးပွဲတော်ကာလတွင် နယ်မြေအဖွဲ့များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းကာ လုံခြုံရေး ရယူပေးမည်

မျိုးသန့်

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် တောင်ပြုံးရွာတွင် သြဂုတ်လ ၆ရက်မှ ၁၅ ရက်အထိ ကျင်းပမည့် တောင်းပြုံးပွဲတော်ကာလ၌ နယ်မြေခံ သက်ဆိုင်ရာအဖွဲ့များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းကာ လုံခြုံရေးရယူပေးမည်ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းဦးက သြဂုတ် ၁ရက်က ပြောသည်။

“တောင်ပြုံးပွဲတော်အတွင်းမှာ သက်ဆိုင်ရာ နယ်မြေအလိုက် လုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ နယ်မြေအဖွဲ့အစည်းတွေ ပူးပေါင်းပြီး လုံခြုံရေးကို လုပ်ဆောင်ပေးသွားမှာပါ၊ သီသန့်လုပ်ဆောင်ဖို့တော့ မရှိပါဘူး၊ မန္တလေးခရိုင်ထဲကို ညမထွက်ရအမိန့် ထုတ်ပြန်ထားသေးရင်တော့ သတ်မှတ်ထားတဲ့အရေးယူမှု ပြုလုပ်မှာဖြစ်ပါတယ်” ဟု ယင်းကပြောသည်။

လုံခြုံရေးအတွက် သက်ဆိုင်ရာ ပွဲတော်ကျင်းပရေးကော်မတီ အနေဖြင့် မည့်ကဲ့သို့ပြုလုပ်သွားမည်ကို တင်ပြရကြောင်း၊ လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဝန်းရံသည့် သဘောဖြင့် လုပ်ဆောင်ပေးမည် ဖြစ်ကာ ပွဲတော်ကျင်းပရေးကော်မတီက အဓိကထား လုပ်ဆောင်ပေးမည်ဟု ဒု-ရဲမှူးကြီးက ပြောသည်။

လုံခြုံရေးအပြင် အဆိုပါပွဲတော်အတွင်း တတိယလိင်ဟုပြောဆိုနေသော လိင်တူ ချစ်သူများ လာရောက်မှုများသော ပွဲတော်ဖြစ်ခြင်းနှင့်အတူ ကျန်းမာရေးအတွက် ရည်ရွယ်ကာ HIV/AIDS ရောဂါ ဖြစ်ပွားမှု လျော့နည်းစေရန်အတွက် ကွန်ဒုံးများ၊ ချောဆီများ၊ ကျန်မာရေးအသိပညာပေးလက်ကမ်း စာစောင်များကို ဝေငှခြင်းများကို ကူညီရေးအဖွဲ့များက အခမဲ့ပေးအပ်သွားမည့် အစီစဉ်များနှင့် သွေးစစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် အခမဲ့စစ်ဆေးခြင်းများကိုလည်း သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းကာလုပ်ဆောင်ပေးသွားမည်ဖြစ်သည်။

“တောင်ပြုံးပွဲတော်ကာလအတွင်းမှာ မန္တလေးက ကျွန်မတို့အနေနဲ့ ကွန်ဒုံးနဲ့အသိပညာပေး လက်ကမ်းစာစောင်တွေကို ဝေငှသွားမှာဖြစ်ပါတယ်၊ အရင်က ညပိုင်းအထိ လုပ်ဆောင်ကြပေမယ့် ဒီနှစ်တော့ စောစောပြန်မှာဖြစ်ပါတယ်။ လုံခြုံရေး အခုလို စီစဉ်ပေးမှာဖြစ်တဲ့အတွက်တော့ စိတ်အေးရပါတယ် ” ဟု လိင်တူချစ်သူ တစ်ဦးကပြောသည်။

No comments: