Monday, August 4, 2014

အိမ်ထောင်စုဇယား အချက်အလက်များကို ထည့်သွင်းထားရုံဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်မည့်အချိန်ကို သိနိုင်

ဖြိုး

အိမ်ထောင်စုဇယား (ပုံစံ-၁၇)ရှိ အချက်အလက်များကို ထည့်သွင်းထားရုံဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ပြုလုပ်ရမည့်အချိန်ကိုသိရှိနိုင်မည့် E – File System Software ကို သြဂုတ်လကုန်ပိုင်းတွင် စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း မန္တလေးတိုင်းလူဝင်မှုကြီးကြပ်ရေး နှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးသောင်းဇော်က မဇ္ဈိမကို ပြောသည်။

“ဆယ်နှစ်၊ ဆယ့်ရှစ်နှစ် မှတ်ပုံတင်လုပ်ဖို့ကို ရပ်ကွက်က ပြောစရာမလိုတော့ဘဲ ဆာဗာမှာတစ်လတစ် ကြိမ် အဆင့်မြှင့်တင်မှုလုပ်တာနဲ့ ဘယ်ရပ်ကွက်မှာတော့ မှတ်ပုံတင်လုပ်ပေးဖို့လိုပြီဆိုတာကို အချက်ပေး မဲ့ ဆော့ဝဲလ်တစ်မျိုးပါပဲ”ဟု ၎င်းက ရှင်းပြသည်။

အိမ်ထောင်စုဇယားတွင် ပါဝင်သောမိသားစုဝင်များ၏ အသက်၊ နေရပ်လိပ်စာ စသည့်အချက်အလက်များ ကို ကွန်ပျူတာဆာဗာတွင် ဒေတာသွင်းထားပြီး ဆာဗာမှတစ်လတစ်ခါ အဆင့်မြှင့်တင်မှုပြုလုပ်ပြီး မြို့နယ် အလိုက် မှတ်ပုံတင်ပြုလုပ်ရမည့် အချိန်ကိုသိရှိနိုင်မည့် E – File System အမည်ရှိဆော့ဝဲလ်ကို စင်ကာပူ နိုင်ငံ အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်သည့် East Wind Solutions က မန္တလေးတိုင်းအတွက် ရေးဆွဲပေးခြင်း ဖြစ်သည်ဟုဆိုသည်။

ဆော့ဝဲလ်ရရှိပြီးပါက မန္တလေးတိုင်းအတွင်းရှိ မြို့နယ်၂၈ ခုတွင် ၎င်းကို အသုံးပြုသွားမည်ဖြစ်ပြီး တစ်လ တစ်ကြိမ်အဆင့်မြင့်တင်မှု ပြုလုပ်သွားမည်ဖြစ်ပြီး ၎င်းမှရရှိသည့် အချက်အလက်များအတိုင်း မှတ်ပုံတင် ပြုလုပ်ရန် ကျန်ရှိသေးသည့် မြို့နယ်အတွင်းရှိ ရပ်ကွက်များကို လိုက်လံဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

အဆိုပါဆော့ဝဲလ်ကို အသုံးပြုမည့် လ၀က၀န်ထမ်းများအား ဇူလိုင်လ တတိယပတ်က သင်တန်းပေးပြီးဖြစ် ပြီး ၎င်းသင်တန်းမှ သင်တန်းသားများနှင့် ဆော့ဖ်ဝဲလ် ရေးသားသူတိုဆွေးနွေးပြီး လိုအပ်သည့် အချက်အ လက်များကို ပြန်လည်ပြင်ဆင် ဖြည့်စွက်နေခြင်းဖြစ်သည်ဟု ဦးသောင်းဇော်က ရှင်းပြသည်။

ယင်းဆော့ဖ်ဝဲလ်အသုံးပြုပြီးဆိုပါက တစ်တိုင်းလုံးတွင် Door To Door စနစ်ကို ကျင့်သုံးသည့်အခါတွင်များ စွာအသုံးဝင်သွားမည်ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

No comments: