Tuesday, August 5, 2014

ရွှေကျောင်းကြီး လက်တွေ့ပြုပြင်ထိန်းသိမ်းမှု ၂ဝ၁၅ တွင်စတင်မည်

မြတ်မင်း

မန္တလေးမြို့ရှိ ရွှေနန်းတော်ကျောင်း ( ရွှေကျောင်း )ကြီး၏ လက်တွေကျသည့် အဆောက်အဦပိုင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ၂ဝ၁၅ ခုနှစ်အတွင်းမှသာ စတင်လုပ်ဆောင်မည်ဟု World Monument Fund မှ ပညာရှင်တစ်ဦးဖြစ်ပြီး ရွှေကျောင်းပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း၏ ပရောဂျက်ဒါရိုက်တာ Mr.Jeff Allen က မဇ္ဈိမကို ပြောသည်။

“ ဒီ ၂ဝ၁၄ မှာတော့ အဆောက်အအုံပိုင်းကို လေ့လာနေတဲ့ကာလပါ။ ပထမဆုံးအနေနဲ့က ဒီအဆောက်အအုံကြီးရဲ့ အနေအထားက ဘယ်လိုရှိသလဲဆိုတာကို ပညာရှင်တွေနဲ့ လေ့လာ နေပါတယ်။ ဒီဇင်ဘာလအထိ လေ့လာပြီး ဒီပညာရှင်တွေရဲ့ အစီရင်ခံစာတွေကို ကြည့်မယ်။ ကြည့်ပြီးတော့မှ ဘယ်အပိုင်းကနေစပြီး လုပ်ရမလဲဆို ကျွန်တော်တို့ WMF နဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနတို့ တိုင်ပင်ပြီး လုပ်ငန်တွေကို စတင်လုပ်ဆောင်သွားမှာပါ" ဟု Mr. Jeff Allen ကပြောသည်။

လက်ရှိအနေအထားတွင် ရွှေကျောင်းနှင့် ပတ်သက်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများ၊ ရွှေကျောင်း ပတ်ဝန်းကျင်ရှိ ဒေသခံများက ရွှေကျောင်းနှင့် ပတ်သက်သည့် အချက်အလက်များ ကောက်ယူခြင်း၊ ရွှေကျောင်း၏ သမိုင်းကို ပြုစုခြင်း၊ ရွှေကျောင်းကြီးကို အသေးစိတ်ဓါတ်ပုံမှတ်တမ်းတင်ခြင်း၊ ရွှေကျောင်းတည်ဆောက်မှုနှင့် ကြံ့ခိုင်မှုများကို ကြည့်ရှု လေ့လာခြင်းများကို နိုင်ငံ ၅ နိုင်ငံမှ ပညာရှင် ၇ ဦးက လေ့လာခဲ့သည်။ စက်တင်ဘာလတွင် သစ်သားနှင့် ပတ်သက်သည့် ပညာရှင် နှင့် ရေစီးရေလာကောင်းမွန်ရေး လေ့လာမည့် ပညာရှင်များ လာရောက်မည်ဟုဆိုသည်။

ရွှေနန်းတော်ကျောင်းကြီးသည် အမိုးသုံးဆင့်၊ လယ်ပေါ်နှစ်ထပ်၊ စမြင်းပါသော ဇေတဝန်ဆောင်ဖြစ်သည်။ ရှေးရိုးအစဉ်အလာ ဘုန်ကြီးကျောင်းများနှင့် တည်ဆောက်ပုံမတူပဲ စနုဆောင်ကို နေကျော်တည်ဆောက်ထားသည်။ ကျောင်းဦးပြသာဒ်နှင့် ဘောဂဆောင် မပါသော ကျောင်းကြီးဖြစ်သည်။ ကျောင်းကြီး တစ်ဆောင်လုံးတွင် အရှေ့အနောက် တိုင် ၁၅ လုံးတန်နှင့် တောင်မြောက် တိုင် ၁ဝ လုံးတန်းရှိခြင်းကြောင့် တိုင်ပေါင်း ၁၅ဝနယားရုပ်ထောက်တိုင်ပေါင်း ၅၄ တိုင်နှင့် သရက်ကင်း အုတ်လှေကား ၅စင်းဖြင့်တည်ဆောက်ထားသည်။

ရွှေနန်းတော်ကျောင်းကြီးတစ်ခုလုံးတွင် မြန်မာမှုသစ်သား ပန်ပုအခြေခံခြူးပန်း၊ ခြူးနွယ်၊ အပြောက်အမွန်းများ၊ ရုပ်လုံးရုပ်ကြွများ၊ ကျေးငှက်တိရစ္ဆာန်ရုပ်များ၊ နံရံကပ်ရုပ်ကြွများနှင့် အတွင်းမာရဘင် အရှေ့ပိုင်းကွန်းစင်တိုင်အခြေတွင် ဇာတ်ကြီးဆယ်ဘွဲ့၊ တောထွက်ခန်း၊ မဟာပဒုမဇာတ်၊ ဥတေနဇာတ်တော်များကို အနုစိတ် ထုလုပ်ထားသည်။

No comments: