Friday, August 1, 2014

အတည် ဖြစ်ဖို့ များနေတဲ့ ဒုဝန်ကြီး များအား ပြည်ထောင်စု ဝန်ကြီး ခန့်အပ်ရေး အဆို

ရွှေဟင်္သာ

သမ္မတရုံးမှ ပြည်ထောင်စု လွှတ်တော်သို့ သဘောထား တောင်းခံ ထားသည့် လစ်လပ် နေသည့် ဝန်ကြီး ဌာန နှစ်ခု၏ နေရာ၌ ပြည်ထောင်စု ဝန်ကြီး ခန့်အပ်ရေး သဘောထား တောင်းခံ ထားချက်မှာ ကန့်ကွက်သူ မရှိ အတည် ဖြစ်နိုင်ရန် ရာနှုန်း များကြောင်း အစည်းအဝေး တက်ရောက် နေသည့် အမျိုးသား လွှတ်တော် အမတ် နိုင်မင်းမျိုးတင့်လွင်က ပြောသည်။

“လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ကန့်ကွက် လိမ့်မယ်လို့တော့ မထင်ဘူး၊ အတည် ဖြစ်ဖို့ ရာနှုန်း များပါတယ်၊ အရင်က သာသနာရေး ဝန်ကြီး တုန်းကလည်း ကန့်ကွက်မယ်လို့ အသံတွေ ကျယ်ကျယ် လောင်လောင် ထွက်နေ တာတောင် တကယ့် တကယ်တော့ ကန့်ကွက်တာ မရှိတဲ့ အနေအထား တွေ့ခဲ့ရတယ်၊ အခုလည်း အဲလိုပဲ ဖြစ်မှာပါ" ဟု နိုင်မင်းမျိုးတင့်လွင်က ၎င်း၏ အမြင်ကို ပြောကြား ခဲ့သည်။

ယနေ့၌ ကျင်းပ နေသည့် လွှတ်တော် အစည်းအဝေး၌ လစ်လပ် နေသည့် ပြန်ကြားရေး ၀န်ကြီး နေရာ အတွက် ဒုဝန်ကြီး ဦးရဲထွဋ် အား၎င်း၊ ကျန်းမာရေး ၀န်ကြီးနေရာ အတွက် ဒုဝန်ကြီး ဒေါက်တာ သန်းအောင် တို့ကို ခန့်အပ်ကြောင်း ကန့်ကွက် လိုသည့် ကိုယ်စားလှယ်များ ရှိပါက စာရင်း ပေးသွင်း နိုင်ကြောင်း ပြည်ထောင်စု လွှတ်တော်၌ နာယက သူရ ဦးရွှေမန်းက လွှတ်တော် ကိုယ်စားလှယ် များထံမှ သဘောထား တောင်းခံ ထားပါသည်။

ဇူလိုင်လ (၂၉) ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော် သမ္မတရုံး၏ အမိန့်စာ အမှတ် ၁၇/၂၀၁၄ ၎င်းဝန်ကြီးဌာန နှစ်ခုမှ ပြည်ထောင်စု ဝန်ကြီး များအား ရာထူးမှ နှုတ်ထွက်ခွင့် ပြုကြောင်း သမ္မတရုံးမှ ကြေငြာ ခဲ့ပြီးနောက် ယင်းနေ့ ရက်စွဲ ဖြင့်ပင် ဒုဝန်ကြီး များကို လစ်လပ် နေရာ များ၌ အစားထိုး ခန့်အပ် ပေးရန် အတွက် သမ္မတ ရုံးမှ ပြည်ထောင်စု လွှတ်တော်သို့ သဘောထား တောင်းခံ ထားခြင်းလည်း ဖြစ်သည်။

လစ်လပ် သွားသည့် ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေး ဝန်ကြီး ဌာနတို့၏ ပြည်ထောင်စု ဝန်ကြီးများ နေရာ များ၌ အစားထိုး ခန့်အပ် နိုင်ရန် ယင်းဌာန၏ ဒုတိယ ဝန်ကြီးများ ခန့်အပ် ပေးရေး ပြည်ထောင်စု လွှတ်တော်၏ သဘော တူညီချက် ရယူရန် သမ္မတရုံးမှ တောင်းခံချက် ပေးပို့ ထားကြောင်း ပေးပို့စာ အရ သိရှိ ရသည်။

သမ္မတရုံးမှ ဇူလိုင်လ (၂၉) ရက်နေ့ ရက်စွဲဖြင့် တင်ပြ ထားသည့် ပေးပို့စာ၌ လစ်လပ် သွားသည့် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည် နေရာ၌ ဒုဝန်ကြီး ဦးရဲထွဋ်အား အဆို ပြုထားကာ ကျန်းမာရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေသက်ခင် နေရာ၌ ဒုဝန်ကြီး ဒေါက်တာ သန်းအောင်အား ခန့်အပ် နိုင်ရေး အဆိုပြု ထားသည်ကို တွေ့ရှိ ရသည်။

ပြည်တွင်း၌ ထုတ်ဝေ နေသည့် ဂျာနယ် များမှ သတင်းထောက် များနှင့် သတင်း အမှုဆောင် အရာရှိချုပ် များအား ဖမ်းဆီး အရေးယူ မှုများနှင့် ပတ်သက်၍ မီဒီယာ အသိုင်းအဝိုင်း များ၏ မကျေနပ် ချက်နှင့် နိုင်ငံတကာ မီဒီယာ အသိုင်းအဝိုင်းမှ ဖိအား ပေးမှု မြင့်နေသည့် အချိန်၌ ပြန်ကြားရေး ဝန်ကြီးဌာနမှ ဝန်ကြီး ရာထူးမှ နှုတ်ထွက် သွားသည်နှင့် ပတ်သက်၍ ဝေဖန်မှု အမျိုးမျိုး ရှိနေ ခဲ့သည်။

Eleven မီဒီယာမှ အမှုဆောင် အရာရှိချုပ် ဦးသန်းထွဋ်အောင် ကမူ ဝန်ကြီးများ အနေဖြင့် လုပ်ငန်းပိုင်း၌ လုပ်၍ ကိုင်၍ မရသဖြင့် ထွက်ခွင့် တောင်းထားသည့် အပေါ် အနားယူခွင့် ပြုခဲ့ခြင်း ဖြစ်ကြောင်း ၎င်း၏ သုံးအပ် ချက်အား ဘီဘီစီ သတင်း ဌာနသို့ ပြောကြား ထားပါသည်။

“ဒီိကိစ္စမှာ သက်ဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီးတွေ အနေနဲ့ လုပ်လို့ ကိုင်လို့ မရတာရယ်၊ လုပ်ချင်စိတ် မရှိတာ ရယ်ကြောင့် ထွက်ခွင့်တောင်း ထားတာကို ခွင့်ပြု တာပါ၊ အစိုးရ အဖွဲ့အတွင်း တင်းမာမှု ရှိတာကြောင့်၊ တင်းမာသူ အုပ်စုတွေက အသာစီး ရတာလို့ မမြင်ပါဘူး” ဟု ဦးသန်းထွဋ်အောင်က ဘီဘီစီ သတင်းဌာနအား ပြောကြား ခဲ့သည်။

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နေရာမှ နှုတ်ထွက် သွားသည့် ဦးအောင်ကြည်သည်သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီး နောက်တွင်အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့်ညှိနှိုင်း ဆွေးနွေး နိုင်ခဲ့သည့် ဝန်ကြီး တစ်ဦးလည်း ဖြစ်သည်။

သို့သော်လည်း ထိုနေရာ၌ ဖေ့ဘွခ် ဝန်ကြီးဟု ဆိုရှယ်မီဒီယာ၌ လူသိ များသည့် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်အား ခန့်အပ် ခြင်းမှာ သင့်တော်သည့် ခန့်အပ်မှု ဖြစ်သော်လည်း သတင်း မီဒီယာများ အနေဖြင့် ရှေ့ဆက်၍ သတိ ကြီးကြီး ထားရမည် ဖြစ်ကြောင်း မြန်မာ ဂျာနယ်လစ် ကွန်ရက်၏ အတွင်းရေးမှူး ဦးအောင်သူရက ၎င်း၏ ပုဂ္ဂလိက အမြင်အား ပြောကြား ခဲ့သည်။

“ဦးရဲထွဋ်ရဲ့ ဒုဝန်ကြီး ဘဝက အခြေအနေကိုကြည့်ရင်မီဒီယာတွေအပေါ်ထားတဲ့ စိတ်ထားကလူကြီး သိပ်မဆန်ဘူး၊ လူကတော့လူတော်ပါ။ တော်တဲ့လူတိုင်းကောင်းတာမဟုတ်ဘူး။ ရှေ့ဆက် မီဒီယာသမားတွေအနေနဲ့သတိကြီးကြီး ထားရတော့မယ်” ဦးအောင်သူရက ပြောသည်။

ရာထူးမှ အနားယူခွင့် ပြုလိုက်သည့် ပြုလိုက်သည့် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ခန့်အပ် ရေးနှင့် ပတ်သက်၍ ဝေဖန်မှု ကြီးကြီးမားမား မရှိသေး သော်လည်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီး ခန့်အပ် ရေးမှာ မြန်မာ့ မီဒီယာ အသိုင်းအဝိုင်း များအကြား ဝေဖန်မှု မြင့်မား နေခဲ့သည်။

No comments: