Monday, August 4, 2014

ပီအာစနစ်ကို အလိုမရှိကြောင်း ဆန္ဒြုပမည်

ရေခဲ(ပြည်)

ပီအာရ်စနစ်ကို အလိုမရှိကြောင်း ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် သြဂုတ်လ ၄ရက်၌ ဆန္ဒပြတောင်းဆိုသွားမည်ဟု ဆန္ဒပြပွဲကို စီစဉ်နေသူ ပြည်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေး ကော်မတီဝင် ဦးမောင်မောင်တိုးက မဇ္ဈိမကို ပြောသည်။

“တိုင်းရင်းသားတွေက မဲရေတွက်မှုအရ ဆိုရင် ငါးယောက်ရမယ့်နေရာ သုံးယောက်လောက်ပဲရသွားမယ်။ ငြိမ်းချမ်းရေးကို ပျက်ပြားစေမယ်။ လက်မခံဘူး အလိုမရှိဘူး။” ဟု ဆန္ဒပြပွဲကို စီစဉ်နေသူ ဦးမောင်မောင်တိုးက ဆိုသည်။

“အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ပျက်ပြားစေမည့် ပီအာစနစ် အလိုမရှိ” "ပြည်တွင်းငြိမ်းချမ်းရေးပျက်ပြားစေမည့် ပီအာစနစ် အလိုမရှိ” “ ပြည်သူလူထုနားမလည်နိုင်သော ပီအာစနစ် အလိုမရှိ” ဟူသောကြွေးကြော်သံများဖြင့် မြို့တွင်းလမ်းများအတိုင်း လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ရန် စီစဉ်နေသည်။

ဒီမိုကရေစီလမ်းကြောင်း မှန်ရောက်ရှိနေသည့် ကမ္ဘာ့နိုင်ငံအချို့တွင် ပီအာစနစ် ကျင့်သုံးမှုများရှိသော်လည်း မြန်မာနိုင်ငံသည် ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် မရှိသေးသည့်အတွက် ပီအာစနစ် မကျင့်သုံးသင့်ကြောင်းလည်း ၎င်းကပြောသည်။

“အချိုးကျဆိုတဲ့နေရာမှာ အင်အားတောင့်တင်းတဲ့ ကြံ့ခိုင်ရေးပါတီကပဲ ငါးဆယ်မှာ ဆယ်ယောက်လောက် လွှတ်တော်ထဲရောက်နေပြီ။ မဲအများဆုံးရတဲ့သူ လွှတ်တော်ထဲရောက်တဲ့ လက်ရှိပေါ်လစီအတိုင်းပဲ ကောင်းတယ်” ဟုလည်း ၎င်းကဆိုသည်။

ဆန္ဒဖော်ထုတ်ရန်အတွက် သြဂုတ်လ ၁ရက်တွင် ပြည်မြို့ရှိ နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ အစည်းအဝေးပြုလုပ်ကာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားခဲ့သည်။

သြဂုတ်လ၂ရက်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ဦးဆောင်လျှောက်ထားသူများဖြစ်သည့် ဦးမောင်မောင်တိုး၊ ဦးဝဏ္ဍ၊ ဦးမျိုးသူထွဋ်၊ ဦးကျော်ဆွေ၊ ဦးကျော်ဆန်း တို့အား ခေါ်ယူတွေ့ဆုံကာ ဆန္ဒဖော်ထုတ်မှုအစီအစဉ်အား ခေါ်ယူညှိနှိုင်းမှုများပြုလုပ်ခဲ့သည်။

No comments: