မင်းမင်း
ဂီတဖြင့် ရန်ပုံငွေရှာပြီး ပရဟိတလုပ်ငန်း လုပ်ကိုင်နေသော “ပန်းရဲ့လမ်း” အဖွဲ့မှ ယာဉ်မောင်းကို ယာဉ်မဆင်မခြင် မောင်းမှုဖြင့် လမ်းမတော် ရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု တိုင်းရဲတပ်ဖွဲ့က သြဂုတ်လ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။
သြဂုတ် ၉ရက်၊ ည ခုနှစ်နာရီခွဲတွင် လမ်းမတော်မြို့နယ်၊ ၀ါးတန်းလမ်းရှိ လွယ်ဟိန်းကုမ္ပဏီရှေ့တွင် စက်ပျက်ပြီး ရပ်ထားသော ကွန်တိန်နာယာဉ် နောက်ပိုင်းအား ၀င်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ရေဘေးသင့်ကျောင်းများရှိ ကလေးများအား ထောက်ပံ့ကူညီရန် လှည်းတန်း၊ စိန်ဂေဟာရှေ့တွင် ဂီတဖြင့် ရန်ပုံငွေရှာပြီး ပြန်လာသော “ပန်းရဲ့လမ်း” အဖွဲ့သားများမှာ ယာဉ်မတော်တဆမှုကြောင့် ရှစ်ဦးလုံး ဒဏ်ရာရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် ညတွင်းချင်း ဆေးကုသမှု ခံယူခဲ့ရသည်။
လက်ရှိတွင် တရားစွဲခံထားရသည့် ယာဉ်မောင်း တစ်ဦးသာ ကုသမှုခံယူလျက်ရှိပြီး အခြားသူများမှာ လှည်းကူးမြို့နယ်ရှိ ရေဘေးသင့် စာသင်ကျောင်းများအတွက် ဆက်လက် ဖျော်ဖြေနေသည်ဟု ဒဏ်ရာရရှိသူ ပန်းရဲ့လမ်းအဖွဲ့မှ ကိုသားထွေးက မဇ္ဈိမကို ပြောသည်။
အမှုဖွင့်ထားမှုအပေါ် ကိုသားထွေးက “ကွန်တိန်နာက ရပ်ထားတယ် ပြောတယ်ဗျာ။ ဒါပေမယ့် ညဘက်လည်းဖြစ်တယ်။ ရောင်ပြန်တွေလည်း မတပ်ထားဘဲ မဆင်မခြင် ရပ်ထားတော့ ဘာမှ မမြင်ရဘူးလေ” ဟု ဆိုသည်။
ပန်းရဲ့လမ်းအဖွဲ့မှ ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ကိုရဲလွင်(မဇ္ဈိမလှိုင်း)မှာ ယာဉ်မတော်တဆမှုဖြစ်ခဲ့သည့် ယာဉ်ပေါ်တွင် ပါမလာသည့်အတွက် ဒဏ်ရာရရှိခြင်း မရှိပေ။
“ကျွန်တော်တို့ အဖွဲ့ တစ်ခုခုဖြစ်သွားရင်တောင် ရှိတဲ့လူနဲ့ ကိုယ်ယုံကြည်တဲ့ ဒီအလုပ်ကို ဆက်လုပ်သွားမှာပါ” ဟု ဦးရဲလွင်က ပြောသည်။
ပန်းရဲ့လမ်းအဖွဲ့သည် မြို့ကြီးများသို့ လှည့်လည်ကာ၊ တေးသီချင်းများဖြင့် ဖျော်ဖြေခြင်းဖြင့် ရံပုံငွေရှာပြီး ငြိမ်းချမ်းရေးနှင့် ပညာရေးတို့အတွက် ကူညီနေသည့် အဖွဲ့အစည်းဖြစ်ကာ ကိုရဲလွင်(မဇ္ဈိမလှိုင်း) ဦးဆောင်၍ ၂၀၁၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။
No comments:
Post a Comment