Tuesday, August 26, 2014

အခြေခံကျန်းမာရေး စောင့်ရှောက်မှုများစွာ လိုအပ်နေသေးကြောင်း ပြည်နယ်ကျန်းမာရေးမှူးဆို

စောစီခို

ယနေ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ကြိုးပန်းလုပ်ဆောင်နေသော ဒီမိုကရေစီ အစိုးရလက်ထက်တွင် ကယား(ကရင်နီ) ပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုလုပ်ဆောင်လာနိုင်သော်လည်း လက်ရှိအချိန်အထိ အခြေခံကျန်းမာရေး စောင့်ရှောက်မှုများများစွာ လိုအပ်နေသေးကြောင်း ပြည်နယ် ကျန်းမာရေးမှူး ဒေါက်တာထွန်းအောင်ကြည်က ကန္တာရ၀တီတိုင်း(မ်) သို့ ဆိုသည်။

“ကျန်းမာရေးစောက်ရှောက်မှု ဆိုတာကတော့ ကယားပြည်နယ်ကတော့ အရင်တုန်းကတော့ ဘယ်လိုပြောမလဲ။ မငြိမ်းချမ်းခင်တုန်းကပေါ့ အများကြီးလိုအပ်တာပေါ့။ ဘာမှကို မလုပ်ခဲ့ဘူး။ လက်ရှိ ဒီမိုကရေစီအစိုးရ လက်ထဲကျမှ ပြန်ပြီးတော့လုပ်လာတာဆိုတော့ အောင်မြင်မှုတွေ အများကြီးရလာသလို လိုအပ်ချက်တွေလည်း အများကြီးရှိနေပါသေးတယ်” ဟု ပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာ ထွန်းအောင်ကြည်က ပြောသည်။

လက်ရှိအချိန်တွင် ကယားပြည်နယ်အတွင်း လွတ်လပ်စွာ သွားလာနိုင်ပြီးဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဝေးလံခေါင်းဖျားသောနေရာများကို လက်လှမ်းမမီနိုင်သေးကြောင်း ဒေါက်တာထွန်းအောင်ကြည်က ဆက်ပြောသည်။

“ကျန်းမာရေးလိုအပ်ချက်တွေက တော်တော်များများလိုပါသေးတယ်။ အထူးသဖြင့် CHDN ရဲ့ Cover Area ဆိုရင် အစိုးရ ကျန်းမာရေးဌါနရဲ့ လက်လှမ်းမမီနိုင်တဲ့ နေရာဖြစ်တာပေါ့နော်။ အခုလောလောဆယ်မှာ လည်း နိုင်ငံတကာ အကူအညီပဲ ဖြစ်ဖြစ် အခု အစိုးရ ကျန်းမာရေးဌါနအနေနဲ့ လုပ်ရှားနေတဲ့ ဟာကလည်း သူတို့ လက်လှမ်းမီ သလောက်ပဲဖြစ်နေတယ်။ ဆိုတော့ တကယ့်တကယ် ဝေးလံခေါင်ဖျားပြီးတော့မှ တကယ့် အခြေခံကျန်းမာရေးစောက်ရှောက်မှုတွေ မရနိုင်သေးတဲ့ ဒေသတွေ အများကြီးရှိသေးတယ်ပေါ့” ဟု CHDN မှ ဒု-ညွန်ကြားရေးမှူး မအယ်ဗလင်း ပြောပါတယ်။

သွားလာရေးခက်ခဲသည့် မော်ချီးဒေသမှ ဦးမြင့်ကြည်က လည်း “ဒီမှာကတော့ ဆေးထိုးတာ ဆရာမကြီးရှိတာပေါ့နော။ ဒီမှာကတော့ ဆေးခန်းဘဲရှိတယ်။ လိုခါးလိုသွား ဒါမှမဟုတ် ဖားဆောင်းသွား၊ လွိုင်ကော်သွားအဲ့လိုမျိုးဘဲလုပ်ရတယ်" ဟု ပြောသည်။

ယခုနှစ်ပိုင်း အတွင်း အစိုးရမှ ကယားပြည်နယ် အတွင်းရှိ ကျေးရွာများတွင် ဆေးခန်းအသစ်များ ဆောက်လုပ်ပေးနေသော်လည်း ဆေးခန်းများတွင် ဆေးဖက်ဆိုင်ရာဝန်ထမ်းများနှင့် ဆေးဝါးများမရှိသေးကြောင်း ဒေသခံများက ဆိုသည်။

မော်ချီးမှ ဒေါ်ငယ်ငယ်မိုးစံက “မိုးတွင်းမှာ တစ်ခုခုဖြစ်ပြီဆိုလို့ရှိရင် သယ်ရပြုရတာလည်းခက်တယ်။ ကားလမ်းလည်းမပေါက်ဆိုတော့ ထမ်းပြီးတော့မှသွားကြတာပေါ့ တောင်ပေါ်ကို။ တောင်ပေါ်မနိုင်ရင်တော့ လွိုင်ကော်ထိကားငှားပြီး အဲ့လိုမျိုးသွားရတာပေါ့။ ဆရာဝန်ကောင်းကောင်းမရှိဘူးပေါ့။ မရှိတဲ့ခါကျတော့ လူနာတွေ အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးတာတွေလည်း ရှိတာပေါ့လေ” ဟု ပြောသည်။

အစိုးရကျန်းမာရေးအဖွဲ့ နှင့် အပစ်ရပ် လက်နက်ကိုင်အဖွဲ့အစည်းများ၏ နယ်လည့် ကျောပိုးအိတ်အဖွဲ့တို့မှ ကျန်းမာရေးပညာပေး အစီအစဉ်များ ကို ပြည်နယ်တွင်းရှိ မြို့နယ် ၇ မြို့နယ်သို့ သွားရောက် ပို့ချပေးနေကြသော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ထိရောက်မှုမရှိသေးကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

အစိုးရနှင် KNPP တို့ အပစ်ခတ်ရပ်စဲရေးယူနေသည့် ကာလတလျောက်တွင် ပြည်နယ် အတွင်း ရှိ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို အစိုးရကျန်းမာရေးဌာနများ၊ အပစ်ရပ်အဖွဲ့အစည်းများ က ပူးပေါင်းထားသော လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ယက်(CHDN)၊ နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ က ပူးပေါင်းလုပ်ဆောင်လာခဲ့ကြောင်း သိရသည်။

No comments: