မွခေါဝ်
အစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့ များကြား နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်သည့် အခါ လူမှု အဖွဲ့အစည်း CSOs ကို ပါဝင်ခွင့် မပြု ရခြင်းမှာ ကိုယ်စား ပြုမှုက ပြဿနာ ဖြစ်ကြောင်း Pyidaungsu Institute (PI) အတိုင် ပင်ခံက ဆိုပါသည်။
Shalom Foundation ငြိမ်းဖောင်ဒေးရှင်းက ဂျူလိုင်လ ၃၁ ရက်နှင့် သြဂတ်စ်လ ၁ ရက်၊ ၂ ရက် တာ ၈ ကြိမ်မြောက် Civil Society Forum for Peace ကို ရန်ကုန်မြို့ လမ်းမတော်ရှိ Panda Hotel ၌ ကျင်းပခဲ့ရာ လူမှုအဖွဲ့အစည်း ၇၀ ကျော်မှ ကိုယ်စားလှယ် ၁၃၀ ကျော် တက်ရောက်ခဲ့ သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၌ Pyidaungsu Institute (PI) အတိုင်ပင်ခံ Dr. Hannes Siebert က ဤကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“CSOs တွေ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ခွင့်မပြုတာက ကိုယ်စားပြုတဲ့ကိစ္စက ပြဿနာပါဘဲ။ လူထုက မဲပေးပြီး ရွေးချယ်တင်မြှောက်လာတာ မဟုတ်တော့ CSOs ဟာ လူထုကို ကိုယ်စားပြု တယ်လို့ မပြောနိုင်ဘူး။ နောက် လူထုဘယ်နှစ်ယောက်၊ ဘယ်နှစ်ထောင်က သူတို့ကို ထောက်ခံ တယ်ဆိုတာလည်း မပြောပြနိုင်ဘူး။”
သို့ရာတွင် ယေမင်နိုင်ငံ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အဖွဲ့ပေါင်း ၅၈၀ ခန့် ပါဝင်ခဲ့ရာ ၂၀%ခန့်မှာ CSO များ ဖြစ်ကြောင်း၊ တူနီးရှားနိုင်ငံ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်လည်း CSO ကြီး ၂ ဖွဲ့က ပါဝင် ခဲ့သည်ဟု Dr.Siebert က ဆိုပါသည်။
သို့သော် တောင်အာဖရိက ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်ကား နည်းပညာနှင့် စီမံခန့်ခွဲမှုများဖြင့် အထောက်အကူပြုခဲ့သည်ဟု ၎င်းက ဖြည့်စွက်ပြောဆိုခဲ့ပါသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ် ကချင်ပြည် လိုင်ဇာမြို့၌ ဂျူလိုင်လ ၂၄ ရက်မှ ၃၀ ရက်ထိ ကျင်းပခဲ့သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT အစည်းအဝေး၊ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံရေးဆွေးနွေးပွဲ၌ ကျွမ်းကျင်ပညာရှင်နှင့် လူမှုအဖွဲ့အစည်း CSOs တို့ကို ပါဝင်ခွင့်မပြုကြောင်း NCCT က ပြောကြားခဲ့သည်။
သို့သော် ကျွမ်းကျင်ပညာရှင်နှင့် လူမှုအဖွဲ့အစည်း CSOs များ နိုင်ငံရေးဆွေးနွေးပွဲ၌ မပါဝင်နိုင် သော်လည်း အခြားကဏ္ဍများဖြစ်သည့် ၁− နိုင်ငံရေးဆွေးနွေးပွဲမဟုတ်သည့် အခြားဆွေးနွေးပွဲ၌ ပါဝင်ခြင်း၊ ၂− အကြံဉာဏ်ပေးနိုင်ရန်အတွက် နိုင်ငံရေးဆွေးနွေးပွဲနှင့်အပြိုင် တခြားအစည်းအဝေး ပြုလုပ်ခြင်း၊ ၃− Technical နည်းပညာပိုင်း၌ ကူညီခြင်း၊ ၄− ပြည်သူများ ပါဝင်ထောက်ခံလာစေရန် ပညာပေးစည်းရုံးခြင်း၊ ၅− အတွင်းရေးမှူးအဖွဲ့၊ စီမံခန့်ခွဲရေးတို့၌ ပါဝင်ကူညီခြင်း၊ ၆− ဆွေးနွေးပွဲ၌ အထစ်အဖုရှိပါက အဖက်ဖက်က နားလည်သဘောပေါက်အောင် ကူညီခြင်း၊ ၇ − အဖက်ဖက်က တာဝန်ယူမှုရှိစေရန်၊ အခွင့်အရေးကို လေးစားစေရန် ကူညီလုပ်ဆောင်ခြင်း− တို့၌ ပါဝင်နိုင်သည်ဟု ၎င်းက ဆိုပါသည်။
လိုင်ဇာအစည်းအဝေး၌ NCCT က ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC က တင်ပြသည့် နိုင်ငံရေးဆွေးနွေးပွဲ အကြံပြုချက်ကို ပယ်ချလိုက်သည်။
UPWC က နိုင်ငံရေးဆွေးနွေးပွဲ၌ ၁−လွှတ်တော်၊ ၂− အစိုးရ၊ ၃−တပ်မတော်၊ ၄−နိုင်ငံရေးပါတီ၊ ၅− တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့၊ ၆− စီးပွားရေးလုပ်ငန်းရှင်၊ ၇− CBOs,CSOs နှင့် ၈− ကျွမ်းကျင် ပညာရှင်တို့ ပါဝင်သင့်ကြောင်း၊ သို့သော် NCCT ကမူ ၁− အစိုးရ၊ ၂− နိုင်ငံရေးပါတီ၊ ၃− တိုင်းရင်း သားတော်လှန်ရေးတပ်ဖွဲ့တို့သာ ပါဝင်သင့်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၊ CBO,CSO နှင့် ကျွမ်းကျင်ပညာရှင်တို့ ဆုံးဖြတ်ချက်ချသည့်နေရာ၊ လက်မှတ်ရေးထိုးသည့်နေရာ၌ မပါဝင်သင့်ဘဲ အခြားကဏ္ဍ၌သာ ပါဝင်သင့်ကြောင်း ဆိုပါသည်။

No comments:
Post a Comment