Wednesday, August 27, 2014

တက္ကသိုလ်၊ ကောလိပ် ဆရာ၊ဆရာမများအတွက် အင်္ဂလိပ်စာနှင့် သင်ကြားရေးစနစ် ဗြိတိသျှကောင်စီနှင့် DFID တို့ ကူညီမည်

ဇာနည်အောင်

ပညာရေးကောလိပ်နှင့် ပညာရေးတက္ကသိုလ်များရှိ ဆရာ၊ ဆရာမများကို အင်္ဂလိပ်စာနှင့် သင်ကြားနည်းစနစ်အတွက် ကူညီရန် အမေရိကန်ဒေါ်လာ ၇ သန်း (ကျပ်သန်း ၇,၀၀၀ ခန့်)ကို ဗြိတိသျှကောင်စီနှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန (DFID) တို့က ထောက်ပံ့ပေးသွားမည်ဟု အဆင့်မြင့်ပညာဦးစီးဌာန အောက်မြန်မာပြည် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးနေ၀င်းဦးက ပြောသည်။

သြဂုတ်လ ၂၅ ရက်က ရန်ကုန်စိန်ရတုခန်းမတွင် ပြုလုပ်သော ပညာရေးကောလိပ်နှင့် တက္ကသိုလ်များရှိ ဆရာ၊ ဆရာမများ အင်္ဂလိပ်ဘာသာစကား သင်ကြားရေးအစီအစဉ်ဖွင့်ပွဲတွင် မီဒီယာများကို အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗြိတိသျှကောင်စီနှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာနတို့က သင်တန်းအတွက် ကုန်ကျစရိတ်များ ပံ့ပိုးပေးခြင်းဖြစ်ပြီး သင်ကြားပြသမည့် ဆရာ၊ ဆရာများကို ဗြိတိသျှကောင်စီနှင့် အင်္ဂလန်အခြေစိုက် နိုင်ငံရပ်ခြား လူမှုဝန်ထမ်းအဖွဲ့ (VSO) မှ ဆရာ၊ ဆရာမ ၄၄ ဦးဖြင့် သင်ကြားပို့ချပေးမည်ဖြစ်သည်။

အဆိုပါထောက်ပံ့မှုဖြင့် ပညာရေးကောလိပ်နှင့် ပညာရေးတက္ကသိုလ် ၂၁ ခု ရှိ ဆရာ၊ ဆရာမပေါင်း ၁,၅၀၀ ခန့်ကို နှစ်နှစ်စီမံကိန်းချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည်။

ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေ၀င်းဦးက “ဆရာ၊ ဆရာမ အများစုက အင်္ဂလိပ်စာ အားနည်းကြပါတယ်။ ဘာသာစကားသင်တာအပြင် သင်ကြားနည်းတွေကိုသာ ထည့်သွင်းသင်ကြားပေးမှာ ဖြစ်ပါတယ်။ သင်တန်းတက်ရောက်နေစဉ်အတွင်း ဆရာ၊ ဆရာမတွေကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ အခုအစီအစဉ်က ပထမဆုံးဖြစ်ပါတယ်”ဟု ပြောသည်။

သင်ကြားရေးအစီအစဉ်မှာ သက်ဆိုင်ရာကောလိပ်နှင့် ပညာရေးတက္ကသိုလ်များသို့ လိုက်လံသင်ကြားပေးမည်ဖြစ်ပြီး တစ်နှစ်လျှင် ဆရာ၊ ဆရာမ ၇၅၀ ခန့်ကို သင်ကြားပေးမည်ဖြစ်သည်။

အဆိုပါ အင်္ဂလိပ်စာအတွက် တစ်နေ့လျှင် စာသင်ချိန် ရှစ်ကြိမ်မှ ၁၅ ကြိမ်အထိ ရှိမည်ဖြစ်သည်။

ဗြိတိသျှကောင်စီ (မြန်မာ) ညွှန်ကြားရေးမှူး Mr. Kevin Mackenzie က “ဒီစီမံချက်ရဲ့ စွမ်းဆောင်ရည် တိုးတက်ခြင်းရှိ မရှိ ပြင်ပက အကဲဖြတ်အဖွဲ့အစည်းများကို ဖိတ်ခေါ်ပြီး စီမံကိန်းကာလ ပြုလုပ်ချိန်နဲ့ ပြီးဆုံးချိန်မှာ အကဲဖြတ်ဆန်းစစ်သွားမယ်။ စာမေးပွဲဖြေဆိုရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါစီမံကိန်းကို ၂၀၁၄ခုနှစ် စက်တင်ဘာလမှ ၂၀၁၆ ခုနှစ် စက်တင်ဘာလအထိ သတ်မှတ်ထားပြီး ပထမနှစ်တွင် ဆရာ၊ ဆရာမများ၏ အင်္ဂလိပ်စာအရည်အချင်းကို မြှင့်တင်ရန် လုပ်ဆောင်ပေးမည်ဖြစ်ပြီး ဒုတိယနှစ်တွင် ဆရာ၊ ဆရာမများ၏ သင်ကြားနည်းပညာပိုင်းဆိုင်ရာကို အထောက်ပံ့ပြု လုပ်ဆောင်မည် ဖြစ်သည်။

ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ စစ်ကိုင်း၊ မုံရွာ၊ မော်လမြိုင်၊ ဘားအံ၊ ထားဝယ်၊ မကွေး၊ ပခုက္ကူ၊ ပုသိမ်၊ မြောင်းမြ၊ ပြည်၊ ကျောက်ဖြူ၊ ဘိုကလေးတို့ရှိ ပညာရေးကောလိပ်နှင့် တက္ကသိုလ် ၂၁ ခုတို့၌ သင်ကြားပေးမည်ဖြစ်သည်။

No comments: