Sunday, August 3, 2014

NLD ပါတီရပ်ကျေး ဒု-ဥက္ကဋ္ဌ အသတ်ခံရမှု ကျူးလွန်သူဟု သံသယရှိသူကို ခြေရာခံမိထား

ကျော်စိုးမိုး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုန်းမြို့နယ်၊ မိုင်းကျဉ်းကျေးရွာမှ NLDရပ်ကျေး ဒု-ဥက္ကဋ္ဌ ဦးစိုင်းစံထွန်း အသတ်ခံရမှုအတွက် ကျူးလွန်သူဟုယူဆရသည့် မသင်္ကာသူတစ်ဦးကို ခြေရာခံမိထားသည်ဟု ဟိုပုန်းမြို့နယ်၊NLD ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ဇူလိုင် ၃၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

“ဘယ်သူသတ်လဲ ဆိုတာကိုတော့ သိနေပါပြီ။ ရဲတပ်ဖွဲ့ဝင်တွေကလည်း လိုက်လံဖမ်းဆီး နေပါတယ်။ ဒါပေမဲ့ ကျူးလွန်သူက တစ်ဖက်လက်နက်ကိုင်နယ်မြေထဲ ၀င်ခိုနေတယ်လို့ သတင်းရတာကြောင့် ဖမ်းဆီးဖို့ နဲနဲခက်နေပါတယ်”ဟု ၎င်းက ဆိုသည်။

ကျူးလွန်သူဟုသံသယရှိသူမှာ ဦးစိုင်းစံထွန်းနှင့် ရန်ငြိုးမရှိဘဲ ငွေပေးခိုင်းစေခြင်းကြောင့် သတ်ခဲ့သည်ဟု ယူဆထားပြီး ၎င်းကိုဖမ်းမိပါက အဖြေကို တိတိကျကျသိနိုင်ပြီး တရားခံကိုလည်း ဖော်ထုတ်နိုင်ဖွယ်ရှိသည် ဟု ဦးတင်မောင်တိုးက ဆိုသည်။

ဟိုပုန်းမြို့မရဲစခန်းက တာဝန်ကျရဲ အရာရှိ တစ်ဦးက “ကျူးလွန်သူကို မမိသေးပါဘူး။ ရဲလုပ်ငန်းစဉ်အတိုင်း အမြန်ဆုံးဖမ်းဆီးရမိဖို့အတွက် ဆောင်ရွက်နေပါတယ်” ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့ သည်။

ဇွန်လ ၄ ရက်၊ ည ၁၂ နာရီဝန်းကျင်ခန့် တွင် ဦးစိုင်းစံထွန်း၏ နေအိမ်သို့ အမည်မသိလူနှစ်ဦး ရောက်ရှိလာ ပြီး ၎င်းင်းကို ခေါ် ဆောင်သွားခဲ့ကာ ဇွန်လ ၅ ရက် နံနက်ပိုင်းတွင် အိမ်နှင့်သုံးမိုင်ခန့်အကွာ လယ်ကွင်း ပြင်၌ ဦးစိုင်းစံထွန်း၏ ဦးခေါင်း နောက်စေ့တွင် သေနတ်ဒဏ်ရာသုံးချက်ဖြင့် သေဆုံးနေခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ရှမ်း ပြည်နယ်အစိုးရအဖွဲ့နှင့် ရဲတပ်ဖွဲ့ရုံးသို့ ဇွန် ၁၁ ရက် စာတင်ခဲ့ပြီး ဖြစ်စဉ် ဖြစ်ပွားပြီး နှစ်လနီးပါးကြာမြင့်သည်အထိ ဖမ်းဆီးနိုင် ခဲ့ခြင်း မရှိသေးပေ။

အခင်းဖြစ်ပွားရာနေရာသည်RCSS ၏ ထိန်းချုပ်နယ်မြေဖြစ်ပြီး၊ ခလရ ၂၄၉ တပ်ဧရိယာနှင့် သုံးမိုင်ခန့် အကွာ၊ ပအိုးဝ် ပြည်သူ့စစ် KNOနှင့် သုံးမိုင်ခန့်အကွာတွင် တည်ရှိနေခြင်း ဖြစ်သည်။

No comments: