သျှမ်းသံတော်ဆင့်၊ စိုင်းတိုင်း
ပည်သူ လူထု၏ အကျိုး စီးပွါးကို ထိခိုက် စေသောသတ္တုတူးဖော်ရေး လုပ်ငန်း ဆက်လက် ဆောင်ရွက်ပါက ဆန္ဒဖော် ထုတ်ပြီး ပြင်းပြင်း ထန်ထန် ဆက်လက် ကန့်ကွက် သွားမည်ဟု သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့ ဆန္ဒထုတ် ဖော်ပွဲ အပြီးတွင် ကြေငြာချက် တစ်စောင် ထုတ်ပြန် ခဲ့ပါသည်။
ဆန္ဒထုတ်ဖော်ပွဲ ဖြစ်မြောက် ရေး ကော်မတီ၏ သဘောထားထုတ်ပြန်ကြေငြာချက်တွင်အချက် ၄ ချက်ပါရှိပြီး ဖြစ်မြောက်ရေးကော်မတီဝင် ၇ ဦးကလက်မှတ်ရေးထိုးထားပါသည်။
၁- သတ္တုတူးဖော်ရေးလုံးဝ ရပ်တန့်ပေးရန်တောင်းဆိုသည်။ ၂- သတ္တုတူးဖော်ရေး ယာယီရပ် ဆိုင်းထား ရန်ဟူသော မြို့နယ်အုပ်ချုပ်ရေးမှူး၏ အမိန့်စာကို ကော်မတီမှ လက်ခံကြိုဆိုသည်။ ၃-သို့သော် စက်တင်ဘာ ၅ ရက်ဆန္ဒပြပွဲပြီးမှ ထွက်ရှိလာသော သြဂတ်စ်လ ၃၁ ရက်နေ့ရက်စွဲပါ အဆိုပါအမိန့်စာမှာ ရိုးသားမှုမရှိကြောင်း ကော်မတီမှ သုံးသပ်သည်။ ၄- သတ္တုတူးဖော်ရေးဆက် လက်လုပ်ဆောင်ပါက ဆက်လက်ဆန္ဒထုတ်ဖော်ပြီး ပြင်းပြင်းထန်ထန်ကန့်ကွက်သွားမည် ဟူ၍ ပါရှိသည်။
“အဲဒီနေ့က ဆန္ဒပြပွဲအပြီး ညနေ ၃ နာရီမှာ ကျနော်တို့ ဆန္ဒပြခေါင်းဆောင် ၇ ယောက်နဲ့ အုပ်ချုပ်ရေး အထောက်အကူ ပြု အဖွဲ့ဝင်တွေကို ထွေအုပ်ရုံးမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက ခေါ်တွေ့ ပြီးတော့ ထုတ်ပြန် အမိန့်စာတစ်စောင် ကိုကျနော်တို့ ကိုပေးလာတယ်။ သူရဲ့ထုတ်ပြန်အမိန့်စာက သြဂတ်စ်လ ၃၁ ရက်နေ့လို့ ရေးထားတယ်။ ဆန္ဒထုတ်ဖော်ဖို့ ကျနော်တို့ ခွင့်ပြုချက်သွားတင်တဲ့နေ့ပဲ၊ သူ တကယ် လို့ အဲဒီနေ့က ဒီအမိန့်စာတကယ်ထုတ်ပြန်ရင် ဘာလို့ကျနော်တို့ကို မပြောတာလဲ။ သတ္တု တူးဖော်မှု များ ယာယီရပ်ဆိုင်းဖို့ စာ ထုတ်ထားပြီးပြီလို့ ပြောခဲ့ရင် ကျနော်တို့ ပြည်သူ ၃ ထောင်ကျော် က ဒီနေ့ အပင်ပမ်းခံပြီး ဆန္ဒထုတ်ဖော်စရာ တောင်မလိုတော့ဘူး” ဟု နမ့်ခမ်းမြို့ဆန္ဒထုတ်ဖော်ရေး ကော်မတီဝင် လူငယ် စိုင်းအိုက် ကဆိုသည်။
သို့သော် အုပ်ချုပ်ရေးမှူး၏ ထုတ်ပြန်မိန့်ကြောင့် သတ္တုတူးဖော်မှု အမှန်ရပ်တန့်သွားခဲ့မည်ဆိုလျှင် နမ့်ခမ်းပြည်သူလူထုက အထူးဝမ်းသာမိမည်ဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့ကလည်း ပြောဆိုပါသည်။
သို့သော် အဆိုပါ သတ္တုတူးဖော်မှုများရပ်တန့်ပေးရန်၊ လယ်သမားများ၏ ပျက်စီးဆုံးရှုံးရသည့် လယ်ယာ မြေများအား ပကတိအတိုင်းပြန်လည်ပြုပြင်ပေးရန်နှင့် ထိုက်တန်သည့်လျော်ကြေး ပေးဆောင်ပေးရန်၊ နမ့်ဆီးရီးချောင်းအားအရင်အတိုင်း ဖြစ်အောင်ပြန်ပြင်ပေးရန် စသဖြင့် ယမန်နှစ် သြဂတ်စ်လက သျှမ်းပြည်နယ်အစိုးရ သတ္တုတွင်းဝန်ကြီး ဌာနဝန်ကြီး စိုင်းအိုက်ပေါင်းကိုယ်တိုင် ဒေသတွင်း ကွင်းဆင်း စစ်ဆေးကြည့်ရှုပြီးနောက် ကုမ္မဏီများနှင့် သက်ဆိုင်ရာအာဏာပိုင်များအား ဆင့်ဆိုညွှန်ကြားခဲ့သေးသည်။ သို့တိုင်အောင် ယနေ့တိုင် လျော်ကြေးငွေ မရရှိခဲ့ကြောင်း လယ်သမားများက ပြောဆိုနေကြပါသည်။

No comments:
Post a Comment