Tuesday, September 9, 2014

မြောက်ဦးမြို့တွင် ကျောင်းသူကျောင်းသားများအား ဦးဥတ္တမနေ့အထိမ်းအမှတ် ရခိုင်ဝေါဟာရနှင့် သမိုင်းကြောင်းဆိုင်ရာ စာမေးပွဲစစ်ဆေး

လမင်းထွန်း

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဆရာတော် ဦးဥတ္တမနေ့ (၇၅) နှစ်မြောက် စိန်ရတု အထိမ်းအမှတ်အဖြစ် ရခိုင်သမိုင်းကြောင်း ဆိုင်ရာစာမေးပွဲနှင့် ရခိုင်ဝေါဟာရ စာမေးပွဲကို စက်တင်ဘာလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ စတင်စစ်ဆေး လျှက်ရှိကြောင်းသိရသည်။

အဆိုပါစာမေးပွဲကို ရခိုင်လူမှုကွန်ရက် (မြောက်ဦး) မှ ပြုလုပ်ကျင်းပခြင်းဖြစ်ပြီး ရခိုင်ပြည်တွင် စတင်ပြုလုပ်သည့် စာမေးပွဲလည်းဖြစ်ကာ ယင်းစားမေးပွဲအား ယခုကဲ့သို့ ပြုလုပ်ရခြင်းမှာ ကလေးသူငယ်များ၊ ကျောင်းသူ/သားများအား ဗဟုသုတ ရရှိစေရန်နှင့် ရခိုင်သမိုင်းကြောင်း ဆိုင်ရာများကို စိတ်ပါဝင်စားလာစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပြီး ၈ ရက်နေ့တွင် ဝေါဟာရစာမေးပွဲကို ဆက်တိုက်စစ်ဆေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

" အထွေထွေ ဗဟုသုတ စာမေးပွေဲကို စစ်ရခြင်းကတော့ သမိုင်းဆိုတာဟာ ကလေးတွေနဲ့ လက်လှမ်းဝေးတဲ့ ဘာသာရပ်တစ် ခုဖြစ်ပါတယ်။ စာကြီးပေကြီး ဖြစ်နေတာကတစ်ကြောင်း၊ ကလေးတွေကလည်း မအားလပ်တာကတစ်ကြောင်း၊ ကလေးတွေ သင်ကြားနေရတဲ့ ပြဌာန်းစာအုပ်တွေမှာ ရခိုင်သမိုင်းနဲ့ ပါတ်သက်ပြီး မပါတာတစ်ကြောင်း ဒီအကြောင်းအရာ သုံးခုကြောင့် ကလေးတွေနဲ့ ရခိုင်သမိုင်းနဲ့ တော်တော်လေးကို အလှမ်းဝေးနေပါတယ်။ ရခိုင်သမိုင်းမှာရှိတဲ့ အကြေင်းအရာတွေ၊ ဘုရင်တွေကိုတောင် မသိဖြစ်နေကြတယ်။ ဒါကိုကလေးတွေ တစွန်းတစသိ ရရှိသွားအောင် ရည်ရွယ်ပြီး ပြုလုပ်တာပါ။ လူကြီးတွေ အနေနဲ့လည်း ဒါတွေကိုသိပြီး ပြောပြနိုင်အောင်အတွက် အခုလိုမျိုးပြုလုပ်ရတာဖြစ်ပါတယ် " ဟု ဦးမောင်ကျော်ဇော ကပြောသည်။

ဝေါဟာရစာမေးပွဲကို စစ်ဆေးရဖြင်းမှာလည်း ရခိုင်တိုင်းရင်းသားများသည် ယနေ့အချိန်တွင် ပြောင်းလဲမှုများနောက်သို့ လိုက်ပါ လာကြသည့်အတွက် ယဉ်ကျေးမှုအသစ်များ၏ လွှမ်းမိုးမှုများကို ခံစားလာရကာ မိမိတို့၏ ဘာသာ၊ အပြောအဆို၊ ဝေါဟာရများကို မသိသလောက်ဖြစ်လာနေသည့်အတွက် ဘာသာစကားများအား မပျောက်ပျက်အောင် ထိန်းသိမ်းသည့် သဘောဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

" ရခိုင်မှာ ဘာသာစကား သတ်သတ်မှတ်မှတ်ရှိတာကို အားလုံးသိကြပါတယ်။ ကျွန်တော်တို့ ဘာသာစကားဟာ မြန်မာဘာသာစကားနန့် အနီးစပ်ဆုံးတူနေတဲ့အတွက် ရေဒီယို၊ ဒီဗီ၊ ဗီဒီယို စတဲ့ မီဒီယာအမျိုးမျိုးက လွှမ်းမိုးမှုကိုခံရတဲ့အတွက် ကျွန်တော်တို့ ရခိုင်လူငယ်တွေဟာ ကိုယ့်ရဲ့ ကိုယ်ပိုင်ဝေါဟာရတွေကို တဖြေးဖြေးမေ့ပျောက်ပြီး မြန်မာဝေါဟာရတွေပဲ သုံးလာတဲ့အဆင့်ကို ရောက်လာနေပါတယ်။ ဒါကြောင့် ဒီဝေါဟာရတွေ မပျောက်သွားရအောင်။ ကလေးတွေအနေနဲ့လည်း မျိုးချစ်စိတ်ဓါတ်ကို နည်းနည်းလောက် သဘောပေါက်လာဖို့အတွက် ဒီဝေါဟာရစာမေးပွဲကို လုပ်ရတာဖြစ်ပါတယ်။ " ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

ဆရာတော် ဦးဥတ္တမနေ့တွင် စစ်တွေမြို့အပါအ၀င် အခြားသော မြို့နယ်များတွင်လည်း အထိမ်းအမှတ်အဖြစ် ပန်းချီပြပွဲများပြုလုပ်ပြီး ပြိုင်ပွဲများလည်း ပြုလုပ်ကာ ဆုချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

No comments: