Saturday, September 6, 2014

ကွန်တိန်နာရပ်နားဝင်းအတွင်းမရပ်သည့် ယာဉ်များကို စက်တင်ဘာ ၉ ရက်တွင် စတင်အရေးယူမည်

ကျော်စွာဝင်း

ဆိပ်ကမ်းနှင့် နီးစပ်သည့် လမ်းများတွင် ကွန်တိန်နာကားများရပ်နားခြင်းကို လက်ရှိကာလတွင်ခွင့်ပြုထားပြီး စက်တင်ဘာ ၉ ရက်မှစတင်ကာ ဥပဒေအရအရေးယူ ဆောင်ရွက်သွားမည်ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး ဒုတိယရဲမှူးကြီး လင်းထွဋ်ကပြောသည်။

အဆိုပါ ကားရပ်နားဝင်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာမှ တည်ဆောက်ပေးခြင်းဖြစ်ပြီး လုံလောက်ခြင်း မရှိသေးသည့်အတွက် ယင်းသို့ ကုန်တင်ကုန်ချပြုလုပ်နိုင်သည့် အဓိကဆိပ်ကမ်းနှင့် နီးစပ်သည့် လမ်းနေရာများတွင် ရပ်နားခွင့်ပေးထားခြင်းဖြစ်သည်။

ကုန်တင်ကား၊ ကွန်တိန်နာ ကားများသည့် ကမ်းနားလမ်း၊ ဘုရင့်နောင်လမ်း၊ ကြည့်မြင်တိုင်လမ်း၊ ကမ်းနားလမ်းသစ်၊ ကမ်းနားလမ်းဟောင်း အစရှိသည့် နေရာများတွင် ရပ်နားလျှက်ရှိပြီး ၎င်း နေရာများသည် ရပ်နားခြင်းမပြုရသည့် နေရာများဖြစ်သည်။

ထိုလမ်းများကိုချဲ့ထွင်ထားသော်လည်း လမ်းဘေးဝဲယာတစ်လျှောက်တွင် ကုန်တင်ကားနှင့် ကွန်တိန်နာကားများ တန်းစီကာရပ်တန့်ထားသည်ကို ယာဉ်ထိန်းတပ်ဖွဲ့မှ သွားရောက်စစ်ဆေးရာ တွေ့မြင်ရသည်ဟုဆိုသည်။

ကွန်တိန်နာကားများ ရပ်နားရန် ကားဝင်းတစ်ခုကို အလုံသစ်ဆိပ်ဝင်းထဲတွင် တည်ဆောက်ပေးထားပြီး လက်ရှိတွင် ကွန်တိန်နာရပ်နားရန် ကားဝင်းကြီးတစ်ခုကိုလည်း အမှတ် (၆)သစ်စက်ဝင်းအတွင်း တည်ဆောက်နေသည်။

တည်ဆောက်ပြီးစီးမည့် စက်တင်ဘာ ၉ ရက်မှစတင်ကာ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်း ပေါင်းစုံစုစည်းက လိုအပ်သလို ရပ်နားခွင့်မပြုဘဲ အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

No comments: